10.2.14

အိမ်၊ ခြံ၊ မြေ အခွန်နှုန်းထား လျှော့ချပါက အခွန်ထမ်းသူ များလာနိုင်သော်လည်း ငွေကြေး ခဝါချမှုပါ များမည်ဟုဆို

အိမ်၊ ခြံ၊ မြေ အခွန်ကောက်ခံမှု နှုန်းထားများကို ၃၇ ရာခိုင်နှုန်းမှ ၂၁ ရာခိုင်နှုန်းသို့ လျှော့ချကောက်ခံရန် လွှတ်တော်သို့ တင်သွင်းထားသောကြောင့် အခွန်နှုန်း လျှော့ချပါက အခွန်ထမ်းဦးရေ များပြားလာနိုင်သော်လည်း ငွေကြေး ခဝါချမှုများ ပိုမို ပြုလုပ်လာနိုင်ကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာနထံမှ သိရသည်။
အခွန်နှုန်းထားများ လျှော့ချပါက ရလမ်း မဖော်ပြနိုင်သော ငွေကြေးများဖြင့် အခွန်ဆောင်သူ ပိုမိုများပြားလာနိုင်ပြီး ငွေကြေး ခဝါချမှုများ များပြားလာနိုင်ကြောင်း ယင်းဌာန၏ အကြီးတန်း အရာရှိတစ်ဦးက ပြောကြားသည်။
“အခွန်နှုန်း တိုးထားတာက ငွေကြေး ခဝါချမှုတွေ မဖြစ်ပေါ်နိုင်အောင် ထိန်းချုပ်ထားတဲ့ သဘောမျိုးပါပဲ” ဟု ၎င်းကပြောဆိုသည်။

သို့သော် အိမ်၊ ခြံ၊ မြေ အရောင်းအဝယ်လုပ်ငန်း လုပ်ကိုင်သူများကမူ ယခုသတ်မှတ်ထားသည့် အခွန်ကောက်ခံမှု နှုန်းထား ၃၇ ရာခိုင်နှုန်းမှာ အလွန်များပြားသဖြင့် အခွန်ဆောင်လိုသူ နည်းပါးနေပြီး အခွန်ထမ်းသူများ ထမ်းနိုင်လောက်သည့် နှုန်းထားမျိုးဖြစ်မှသာ အခွန်ဆောင်လိုသူ မြင့်လာမည် ဖြစ်ကြောင်း၊ ငွေကြေး ခဝါချမည်ကို စိုး၍ အခွန်နှုန်းထား မြှင့်ထားခြင်းမှာ မဖြစ်သင့်ကြောင်း ပြောဆိုကြသည်။

အခွန်လျှော့ချခြင်းကြောင့် Speial power ဖြင့် ရောင်းဝယ်ခြင်းများ လျော့ကျ လာနိုင်မည် ဖြစ်ပြီး လူတန်းစားမရွေး အိမ်၊ ခြံ၊ မြေ အရောင်းအဝယ်များ ပြုလုပ်လာနိုင်ကြောင်း မဏ္ဍိုင် အိမ်၊ ခြံ၊ မြေ အကျိုးဆောင်လုပ်ငန်းမှ ဦးသန်းဦးက ရှင်းပြသည်။

နဝမအကြိမ်မြောက် ကျင်းပသော လွှတ်တော်သို့ ဝင်ငွေခွန် (တိုက်ရိုက်ခွန်)၊ ကုန်သွယ်ခွန် (သွယ်ဝိုက်ခွန်)၊ အောင်ဘာလေခွန် (ထီ) နှင့် တံဆိပ်ခေါင်းခွန် ကောက်ခံမှု ဥပဒေများ ပြုပြင်ရန်နှင့် အိမ်၊ ခြံ၊ မြေ အခွန်ကောက်ခံမှု နှုန်းထားများကို ၃၇ ရာခိုင်နှုန်းမှ ၂၁ ရာခိုင်နှုန်းသို့ လျှော့ချကောက်ခံရန် တင်သွင်းထားပြီး အဆိုပါ ဥပဒေများကို ဆွေးနွေးမည့် လွှတ်တော် ကိုယ်စားလှယ်များ၏ အမည်စာရင်း လိုက်လံကောက်ခံနေကြောင်း ဥပဒေကြမ်း ကော်မတီထံမှ သိရသည်။

The Voice Weekly

0 comments:

Post a Comment