4.3.14

သီလဝါ အများပိုင် ကုမ္ပဏီ ရှယ်ယာများ စရောင်း၊ ဘဏ်အချို့ ရောင်းချနိုင်ခြင်းမရှိ



၎.၃.၂၀၁၄၊ အင်္ဂါနေ့

ပြည်တွင်းစီးပွားရေး လုပ်ငန်းရှင်များ အကြား စိတ်ဝင်တစား စောင့်ကြည့်နေသည့် မြန်မာသီလဝါ အထူးစီးပွားရေးဇုန် ဟိုးဒင်းအများပိုင် ကုမ္ပဏီ၏ အစုရှယ်ယာ များကို ယနေ့ (မတ်လ ၃ရက်နေ့) စတင် ရောင်းချနေပြီဟု ဆိုသော်လည်း ဘဏ်အချို့ ရောင်းချနိုင်ခြင်း မရှိသေးကြောင်း ပြည်တွင်းဘဏ် အချို့ထံမှ သိရသည်။

သို့သော် မြန်မာသီလဝါ အထူးစီးပွားရေးဇုန် ဟိုးဒင်းအများပိုင် ကုမ္ပဏီ၏ ဥက္ကဋ္ဌ ဦးဝင်းအောင်ကို ဆက်သွယ် မေးမြန်းရာတွင်မူ ရှယ်ယာများကို ဧရာဝတီ၊ ရိုးမ၊ သမဝါယမ၊ ကမ္ဘောဇနှင့် မြန်မာ့ရှေ့ဆောင် ဘဏ်များရှိ ဘဏ်ခွဲပေါင်း ၁၈၅ ခုမှ တစ်ဆင့် ရောင်းချပေးနေပြီ ဖြစ်ကြောင်း ပြောကြားသည်။

“မနက်က ကမ္ဘောဇဘဏ်မှာ သွားမေးတယ်။ ညွှန်ကြားချက် မရသေးဘူး ပြောတယ်။ ရိုးမဘဏ်ကို သွားမေးတော့ ရတယ်လို့ ပြောတယ်။ ဒီနေ့တော့ မဝယ်ဖြစ်လိုက်ဘူး။ မနက်ဖြန်မှပဲ ဝယ်ရတော့မယ်” ဟု ပွဲရုံ လုပ်ငန်းရှင် ဦးကျော်ကျော်သွင်က ဆိုသည်။

ဧရာဝတီဘဏ်မှ တာဝန်ရှိသူ တစ်ဦးဖြစ်သည့် ဦးကိုကိုဦးကမူ လာမည့် မတ်လ ၅ ရက်နေ့ ရောက်မှသာ ယင်းအများပိုင် ကုမ္ပဏီ၏ ရှယ်ယာများကို ရောင်းချ ပေးနိုင်မည်ဟု ဆိုသည်။

“သူတို့ဆီက လျှောက်လွှာတွေ ခုထိ မရသေးဘူး။ အဲဒီတော့ ရောင်းလို့ မရသေးဘူး” ဟု သမဝါယမဘဏ်၏ မန်နေဂျင်း ဒါရိုက်တာဖြစ်သူ ဦးဖေမြင့်က The Voice သို့ ပြောကြားသည်။

သီလဝါရှယ်ယာ ရောင်းချခြင်းမှာ ယခုအကြိမ်သည် ပထမဆုံးအကြိမ် လုပ်ကိုင်မှု ဖြစ်ခြင်းကြောင့် အခက်အခဲ အနည်းငယ် ရှိကြောင်း၊ ရှယ်ယာ ဝယ်ယူသူများ အနေနှင့် ရှယ်ယာ ဝယ်ယူရန် အချိန်တစ်လခန့် ကျန်ရှိနေသေး၍ စိတ်ပူရန် မလိုကြောင်း မြန်မာသီလဝါ အထူးစီးပွားရေးဇုန် ဟိုးဒင်းအများပိုင် ကုမ္ပဏီ၏ ဥက္ကဋ္ဌ ဦးဝင်းအောင်က The Voice သို့ ပြောကြားသည်။

မြန်မာသီလဝါ အထူးစီးပွားရေးဇုန် ဟိုးဒင်းအများပိုင် ကုမ္ပဏီ၏ အစုရှယ်ယာ ၂ ဒသမ ၁၄၅ သန်းကို အစုရှယ်ယာ တစ်ခုလျှင် ကျပ်တစ်သောင်းနှုန်းဖြင့် ရောင်းချပေးမည် ဖြစ်ကြောင်း ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၉ ရက်နေ့က သီလဝါ အထူးစီးပွားရေးဇုန် စီမံခန့်ခွဲရေး ကော်မတီ ဥက္ကဋ္ဌ ဦးဆက်အောင်က ပြောကြားထားသည်။

The Voice Weekly

0 comments:

Post a Comment