4.3.14

အခွန်မဆောင်သူ လုပ်ငန်းရှင်များကို လုပ်ငန်းပိတ်သိမ်းသည်အထိ အရေးယူမည်


ပြည်တွင်းရှိ ကုမ္ပဏီများ၊ စီးပွားရေး လုပ်ငန်းရှင်များ အခွန်တိမ်းရှောင်ပါက လာမည့် ဘဏ္ဍာနှစ်မှ စတင်၍ နှစ်အကန့်အသတ်မရှိ လုပ်ငန်း ပိတ်သိမ်းသည်အထိ အရေးယူမည် ဖြစ်ကြောင်း အခွန်စိစစ် ကြပ်မတ်ကောက်ခံရေး ဘုတ်အဖွဲ့ထံမှ သိရသည်။
အခွန်မဆောင်ပါက တစ်ဖက်သတ် စည်းကြပ်ခြင်းအပြင် ၁၉၇၄ ခုနှစ် ဝင်ငွေခွန်ဥပဒေ ပုဒ်မ ၂(က) အရ အခွန်ရှောင်သူကို နှစ်အကန့်အသတ်မရှိ လုပ်ငန်း ပိတ်သိမ်း အရေးယူနိုင်ကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာနထံမှ သိရသည်။

“အရင်ကတည်းက အရေးယူဖို့ပါ။ ဒါပေမဲ့ မလုပ်နိုင်သေးလို့ လာမည့်နှစ်ကစပြီး အရေးယူမယ်” ဟု ကုမ္ပဏီများဆိုင်ရာ အခွန်ဝန်ထမ်းကြီးများရုံး ဌာနမှူး ဦးတင်ထွန်းနိုင်က ပြောကြားသည်။

အခွန်တိမ်းရှောင်ခြင်းနှင့် အခွန်ဆောင်ရန် အချိန်ဆွဲခြင်း မဖြစ်စေရန် လာမည့် ဘဏ္ဍာနှစ်မှ စတင်၍ ကုမ္ပဏီများ၏ နှစ်ချုပ် စာရင်းရှင်းတမ်းများကို စာရင်းစစ်ချုပ်ရုံးသို့ မပို့မီ ကုမ္ပဏီများဆိုင်ရာ အခွန်ဝန်ထမ်းကြီးများရုံးသို့ ပေးပို့ရမည် ဖြစ်ကြောင်း ယင်းရုံးထံမှ သိရသည်။

ယခုဘဏ္ဍာနှစ်အတွင်း အခွန်မဆောင်သည့် လုပ်ငန်းရှင်များကို ခေါ်ယူ တွေ့ဆုံသတိပေးခြင်း၊ အခက်အခဲများ မေးမြန်းခြင်းသာ ပြုလုပ်ကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာန အကြီးတန်း အရာရှိတစ်ဦးက ပြောဆိုသည်။
By The Voice Weekly

0 comments:

Post a Comment