2.4.13

စတုတ္ထအကြိမ်တွေ့ဆုံမှုမှာ မန်ယူကို အနိုင်ရခဲ့တဲ့ ချဲလ်ဆီး

ဖလားနှစ်လုံးအိပ်မက်နဲ့ မန်ယူဟာ ဒမ်ဘာဘာရဲ့ တစ်လုံးတည်းသော ဂိုးကြောင့် လက်ရှိအက်ဖ်အေဖလား ချန်ပီယံချဲလ်ဆီးကိုရှုံးပြီး ကွာတား ဖိုင်နယ်ကနေ လက်ပြခဲ့ရပါတယ်။ ပြီးခဲ့တဲ့ပရီးမီးယားလိဂ်ပွဲစဉ်က လူစာရင်းတွေကို ၇နေရာစီအပြောင်းအလဲလုပ်ခဲ့တဲ့ ချဲလ်ဆီးနဲ့ မန်ယူဟာ ပွဲအစပိုင်းမှာ အမှားစောင့် ကစားခဲ့ကြပါတယ်။

ချဲလ်ဆီးကွင်းလယ်မှာ ဟာဇက်အစွမ်းပြခဲ့ပြီး မန်ယူခံစစ်ကြောင်းကို အကောင်း ဆုံးအလုပ်ပေးနိုင်ခဲ့ပါတယ်။ ပွဲချိန် ၃၁ မိနစ်အရောက်မှာ ဟာဇက်ရဲ့ဖန်တီးမှုကနေ ဒမ်ဘာဘာကန်သွင်းတာ ဒီဂီယာရဲ့ ခြေထောက်နဲ့ထိခဲ့တာကြောင့် ချဲလ်ဆီးတို့ အဖွင့်ဂိုးရခွင့် ဆုံးရှုံးခဲ့ပါတယ်။ ဒါပေမဲ့ မန်ယူကတော့ ၃၈မိနစ်အထိ ဂိုးပေါက်ခြိမ်းခြောက်မှုမလုပ်နိုင်ခဲ့ဘဲ ၄၂မိနစ်မှာတော့ ဒီဂီယာကန်တင်ပေးလိုက်တဲ့ ဘောလုံးကို ဟာနန်ဒက်ဇ် ခေါင်းတိုက်သွင်းခဲ့ရာမှာ ပီတာချက် လက်စွမ်းပြ ပုတ်ထုတ်သွားနိုင်ခဲ့ပါတယ်။

ဆန်းဒါးလန်းနဲ့ပွဲမှာ ဒဏ်ရာရခဲ့တဲ့ ရွန်နီဟာ အခုပွဲမှာ ပါဝင်လာနိုင်ခြင်းမရှိသလို ဗန်ပါစီကလည်း အရန်ကစားသမားအဖြစ်သာ ပါဝင်လာခဲ့လို့ မန်ယူတို့ တိုက်စစ်အားနည်းခဲ့ရတာလည်းဖြစ်ပါတယ်။ ပွဲချိန် ၄၉မိနစ်အရောက်မှာတော့ ဟာဇက်ရဲ့ပေးပို့မှုကနေ ဒမ်ဘာဘာက မြေမကျဘောကန်သွင်းပြီး ချဲလ်ဆီးအတွက် အဖွင့်ဂိုးသွင်းပေးနိုင်ခဲ့သလို ဒီဂိုးဟာ ချဲလ်ဆီးအတွက် အက်ဖ်အေ ဖလားဆီမီးဖိုင်နယ်တက်ခွင့်လက်မှတ်လည်းဖြစ်ခဲ့ပါတယ်။

0 comments:

Post a Comment