ဘဏ်လုပ်ငန်းဝန်ဆောင်မှုဖွံ့ဖြိုးရေးအတွက် နားလည်မှု စာချွန်လွှာအား လဲလှယ်နေသည်ကို တွေ့ရစဉ် ဂျပန်နိုင်ငံ၏ အကြီးဆုံးဘဏ် တစ်ခုဖြစ်သော
Bank of Tokyo Mitsubishi UFJ (BTMU) ဘဏ်မှ မြန်မာနိုင်ငံ၏
ဘဏ်လုပ်ငန်းဆိုင်ရာ ၀န်ဆောင်မှု ဖွံ့ဖြိုးတိုးတက်စေရန် နည်းပညာ အကူအညီများ
ပေးမည်ဖြစ်ကြောင်း သမ၀ါယမဘဏ်မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
သမ၀ါယဘဏ် မန်နေဂျင်း ဒါရိုက်တာ ဦးဖေမြင့်က “ဘဏ်နှစ်ခုကြား နှစ်ဖက်ဘောတူစာချုပ် ချုပ်ဆိုတာပါ။ Bank of Tokyo Mitsubishi UFJ (BTMU) ဘဏ်က ဘဏ်လုပ်ငန်းဆိုင်ရာ ကိစ္စတွေမှာ သမ၀ါယမဘဏ်ကို နည်းပညာ၊ နည်းစနစ်ပိုင်း ဆိုင်ရာတွေမှာ အကူအညီပေးမှာပါ။ ဂျပန်ဘဏ်ဘက်က ပညာရှင်တွေ၊ အကြံပေး ပုဂ္ဂိုလ်တွေ ဒီကိုလာပြီး အကူအညီပေးမှာပါ” ဟု ပြောသည်။
ဘဏ်နှစ်ဘဏ်ကြား လုပ်ငန်းစတင်နိုင်ရန်နှင့် လုပ်ငန်းပိုင်းဆိုင်ရာများ ထပ်မံတိုးမြှင့်ရန်အတွက် စာချုပ် ချုပ်ဆိုခြင်း ဖြစ်ကြောင်း၊ ၂၀၁၂ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်တွင် သမ၀ါယမဘဏ်နှင့် (BTMU) ဘဏ်တို့ နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးထားကြောင်း၊ Bank of Tokyo Mitsubishi UFJ (BTMU) ဘဏ်သည် ဂျပန်နိုင်ငံတွင် အကြီးဆုံး ဘဏ်တစ်ခုဖြစ်ပြီး နှစ်တစ်ရာကျော် သက်တမ်းရှိသည့် ဘဏ်တစ်ခုဖြစ်ကြောင်း သိရသည်။
သမ၀ါယမဘဏ်နှင့် BTMU ဘဏ်တို့၏ customer များဖြစ်ကြသည့် ပြည်တွင်း၊ ပြည်ပ ကုမ္ပဏီများနှင့် တစ်ဦးချင်း ပုဂ္ဂလိက ကုန်သည်များ၊ အသင်းအုပ်စု အဖွဲ့အစည်းများကို ရည်ရွယ်ထားကြောင်း၊ မြန်မာနိုင်ငံ တွင် ဘဏ္ဍာရေးနှင့် ဘဏ်လုပ်ငန်းများ ချော့မွေ့လာစေရန် အတွက် ၀န်ဆောင်မှုများကို ပေးလိုကြောင်း ဦးကျော်လင်းက ထည့်သွင်း ပြောကြားသည်။
“မြန်မာနိုင်ငံကို လာရောက်ရင်းနှီးမြှုပ်နှံမယ့် ဂျပန်လုပ်ငန်းရှင် အများစုက BTMU ဘဏ်နဲ့ အဆက်အဆံ ရှိသလို ကုန်သွယ်မှု အပိုင်းနဲ့ ပတ်သက်ရင် သူတို့ဘဏ်မှာ စာရင်းဖွင့်ထားတာတွေ များတယ်။ BTMU ဘဏ်နဲ့ချိတ်ဆက်ပြီး နောက်ပိုင်း ဂျပန်ကုမ္ပဏီတွေ စာရင်းလာဖွင့်တာ များလာတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။
လက်ရှိတွင် မြန်မာနိုင်ငံ၌ နိုင်ငံတော်ဗဟိုဘဏ်မှ ခွင့်ပြုထားသော နိုင်ငံခြားဘဏ် ကိုယ်စားလှယ် ရုံးခွဲပေါင်း ၂၄ ခုရှိပြီး The Bank of Tokyo Mitsubishi UFJ၊ Mizuho Coporate Bank Ltd၊ Sumitomo Mitsui Banking Corporation ဘဏ်တို့သည် ဂျပန်နိုင်ငံ အခြေစိုက် ဘဏ်များဖြစ်သည်။

0 comments:
Post a Comment