17.8.13

ဌာနဆိုင်ရာနှင့် ကုမ္ပဏီများ ပေါင်း၍ အမည်ခံ မြေသိမ်းမှုများကို အရေးယူရန် စုံစမ်းရေး ကော်မတီ လွှတ်တော်တင်

Saturday, August 17, 2013

အစိုးရ ဌာနဆိုင်ရာများ မြေယာ သိမ်းဆည်းရာတွင် လုပ်ပိုင်ခွင့်ကို အခွင့်ကောင်းယူကာ ကုမ္ပဏီများနှင့် ပူးပေါင်း၍ စီမံကိန်း အကြောင်းပြ အမည်ခံ မြေသိမ်းမှုများကို အရေးယူပေးရန် လယ်ယာမြေနှင့် အခြားမြေ များ သိမ်းဆည်းခံရမှုကြောင့် ပြည်သူများ နစ်နာမှု မရှိစေရေးအတွက် စုံစမ်းစစ်ဆေးရေး ကော်မတီမှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးအောင်သိန်းလင်းက ပြည်ထောင်စုလွှတ်တော်တွင် တင်ပြခဲ့သည်။
“မြေသိမ်းဆည်းလိုက်လို့ ကိုယ့်မြေကို သီးစားပေး စိုက်ရတဲ့ဘဝ။ သီးစားခ မပေးနိုင်လို့ တရားစွဲခံရတဲ့ နစ်နာတဲ့ အဖြစ်မျိုးတွေ တွေ့ရတယ်” ဟုလည်း ၎င်းက ဆိုသည်။

စိုက်ပျိုး မွေးမြူရေး စီမံကိန်းအတွက် မြေယာ သိမ်းဆည်းမှု ကိစ္စရပ်များတွင် ဌာနဆိုင်ရာ အဖွဲ့အစည်း အချို့နှင့် ကုမ္ပဏီများသည် နိုင်ငံတော် စီမံကိန်းဟု အကြောင်းပြကာ အမည်ခံ သိမ်းဆည်းခဲ့ပြီး ကိုယ်တိုင် ဆောင်ရွက်ခြင်းမရှိဘဲ အခြားသူများကို တစ်ဆင့် ပြန်လည် သီးစားချ လုပ်ခွင့်ပေးသည် များကို တွေ့ရှိရကြောင်း၊ လုပ်ပိုင်ခွင့်ကို အခွင့်ကောင်းယူကာ စီးပွားရှာ အမြတ်ထုတ်နေခြင်းကို အရေး ယူပေး ရန် လိုကြောင်း ယင်းကော်မတီ၏ အစီရင်ခံစာ အပိုင်း (၃) တွင် ဖော်ပြထားသည်။

ရန်ကုန်တိုင်းဒေသကြီး အတွင်းတွင် အများဆုံး တွေ့ရသည့် မြေယာ သိမ်းဆည်းမှုမှာ စက်မှုဇုန်များ တည်ဆောက်ရန်အတွက် သိမ်းဆည်းမှု ဖြစ်ပြီး တောင်သူ လယ်သမားများမှာ ၁၉၉၀ ပြည့်နှစ် ဝန်းကျင် ကပင် နစ်နာခဲ့ကြောင်း၊ ကာလ ကြာရှည်စွာ ခက်ခက်ခဲခဲ အသက်မွေးဝမ်းကျောင်း ပြုခဲ့ရကြောင်း ဦးအောင်သိန်းလင်းက ပြောကြား သည်။

“မြေသိမ်း ဥပဒေနှင့်အညီ တစ်ဆင့်ချင်း တိတိကျကျ ဆောင်ရွက်ခဲ့ခြင်း မရှိတဲ့အတွက် ဥပဒေ စည်းနှောင်မှု အားနည်းတဲ့ မြေယာ သိမ်းဆည်းမှုတွေ ဖြစ်ခဲ့ရတယ်” ဟု ၎င်းက ဆိုသည်။

မြေသိမ်းခံ လယ်သမားများသည် အငြင်းပွားမှု၊ နစ်နာမှုများကို အုပ်ချုပ်ရေး အဖွဲ့က   ဖြေရှင်းပေးရန်   နှောင့်နှေး ကြန့်ကြာခဲ့သည့်အတွက် စိတ်မရှည်နိုင်တော့သည့် အခြေအနေမျိုးတွင် နိုင်ငံရေးအမြတ် ထုတ်သူ၊ စီးပွားရေး အမြတ်ထုတ်သူတို့၏ သွေးဆောင်မှု၊ ဖြားယောင်းမှုတို့ နောက်သို့ လိုက်ပါသွားပြီး လူအုပ်စုဖြင့် အကြမ်းဖက်သည်အထိ ဥပဒေ ဖောက်ဖျက် ကျူးလွန်သော ဖြစ်ရပ်များ ဖြစ်ပေါ်ခဲ့ ကြောင်း အဆိုပါ ကော်မတီ၏ အစီရင်ခံစာ အပိုင်း (၃) တွင် ဆက်လက် ဖော်ပြထားသည်။

လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုကြောင့် ပြည်သူများ နစ်နာမှု မရှိစေရေးအတွက် စုံစမ်း စစ်ဆေးရေး ကော်မတီ၏ အစီရင်ခံစာ အပိုင်း (၃) ကို သြဂုတ်လ ၁၆ ရက်နေ့၌ ကျင်းပသော ပြည်ထောင် စုလွှတ်တော်တွင် အတည်ပြုခဲ့သည်။

The Voice Weekly

0 comments:

Post a Comment