17.8.13

အငြင်းပွားကျွန်းအနီး ရေတပ် စစ်ရေး လေ့ကျင့်မှု တောင်ကိုရီးယား လျှို့ဝှက် ပြုလုပ်

Saturday, August 17, 2013

ဂျပန်နှင့် တောင်ကိုရီးယား နိုင်ငံကြား ပိုင်ဆိုင်မှု အငြင်းပွားနေ ကြသော ဒေါ့ဒို (တာကာရှီးမား) ကျွန်း အနီး၌ ပြီးခဲ့သည့် ဇွန်လ အတွင်း တောင်ကိုရီးယားနိုင်ငံက ရေတပ်စစ်ရေးလေ့ကျင့်မှု တစ်ရပ်ကို လျှို့ဝှက် ပြုလုပ်ခဲ့ကြောင်း အစိုးရ အရာရှိများ ပြောကြားချက်ကို ကိုးကားပြီး Japan Daily သတင်းတွင်   ဖော်ပြထားသည်။
ဒေါ့ဒို ကျွန်းပေါ်သို့ နိုင်ငံခြား တပ်ဖွဲ့ဝင်များ ကျူးကျော်ဝင်ရောက်လာသည်ကို ခုခံကာကွယ်သည့် ပုံစံဖြင့်   တောင်ကိုရီးယားတို့ စစ်ရေး လေ့ကျင့် ခဲ့ခြင်း ဖြစ်သည်။

ကျွန်းစုများ ပိုင်ဆိုင်ခွင့်ရရေးနှင့် ပတ်သက်ပြီး နှစ်နိုင်ငံကြား သဘောထား ကွဲလွဲမှုများ ပေါ်ပေါက် နေကာ ဆက်ဆံရေး တင်းမာမှုများ ဖြစ်ပေါ်နေသည်။

တန်ချိန် ၃၂၀၀ ထိရှိသည့် ဖျက်သင်္ဘောများ အပါအဝင် စစ်သင်္ဘောပေါင်း ၁၀ စင်း၊ တန်ချိန် ၁၂၀၀ ထိရှိသည့် ရေငုပ်သင်္ဘောများနှင့် F-15K တိုက်လေယာဉ်များ စစ်ရေး လေ့ကျင့်မှုတွင် ပါဝင်ခဲ့သည်။

တောင်ကိုရီးယားနှင့် ဂျပန်နိုင်ငံကြား အလယ်ဗဟို နေရာရှိ လူနေထိုင်ခြင်း မရှိသည့်   ကျောက်တုံးများ   ပြည့်နှက်နေသော ကျွန်းငယ် နှစ်ခုကို နှစ်နိုင်ငံလုံး က ပိုင်ဆိုင်ကြောင်း ကြေညာထားသည်။

စစ်ရေး လေ့ကျင့်မှုကို လွန်ခဲ့သော နှစ်လခန့်က ပြုလုပ်ခဲ့ခြင်း ဖြစ်သော်လည်း ဂျပန် နယ်ချဲ့များ လက်အောက်မှ ကိုရီးယားကျွန်းဆွယ် လွတ်မြောက်ခြင်း (၃၅) နှစ်မြောက် အထိမ်းအမှတ်နေ့ဖြစ်သော သြဂုတ်လ ၁၅ ရက်နေ့တွင် စစ်ရေး လေ့ကျင့်မှု သတင်းကို တောင်ကိုရီးယားနိုင်ငံက ထုတ်ပြန်ခဲ့ခြင်း     ဖြစ်သည်။

ကိုရီးယား ကျွန်းဆွယ်ကို ဂျပန်နိုင်ငံက ၁၉၁၀ ပြည့်နှစ်မှ စ၍ သိမ်းပိုက် အုပ်ချုပ်ခဲ့ပြီး ဒုတိယကမ္ဘာစစ် အပြီး ၁၉၄၅ ခုနှစ်တွင် ကိုရီးယားတို့ လွတ်လပ်ရေး ရရှိခဲ့သည်။

လျှို့ဝှက် စစ်ရေး လေ့ကျင့်မှုမှာ ကျွန်းစုများကို ပိုင်ဆိုင်ကြောင်း ကြေညာနေ သည့် ဂျပန်နိုင်ငံကို တွန်းလှန် ခုခံလိုကြောင်း ဖော်ပြလိုသည့် အနေနှင့် ပြု လုပ်ခြင်း ဖြစ်ကြောင်း လေ့လာ သုံးသပ်သူများ က ပြောကြား သည်။

ဒေါ့ဒို (တာကာရှီးမား) ကျွန်း ပိုင်ဆိုင်မှုနှင့် ပတ်သက်၍လည်း နှစ်နိုင်ငံလုံးက အမျိုးမျိုးသော သမိုင်း အထောက်အထားများကို ဖော်ထုတ် သက်သေပြ ထားသည်။

ထို့အပြင် ၂၀၁၂ ခုနှစ် သြဂုတ်လအတွင်း အငြင်းပွား နယ်မြေများ အတွင်း တောင်ကိုရီးယား ဝန်ကြီးချုပ် လီမြောင်ဘတ် သွားရောက် လည်ပတ်ခဲ့ခြင်းကြောင့် တင်းမာမှုများ တိုးပွားခဲ့သည်။

တောင်ကိုရီးယား သမ္မတ တစ်ဦးအနေနှင့် ဒေါ့ဒိုကျွန်းသို့ ပထမဆုံးအကြိမ် သွားရောက်ခြင်း ဖြစ်ပြီး ယင်းအချိန်မှ စ၍ တောင်ကိုရီးယား တပ်ဖွဲ့ဝင် များ ဒေါ့ဒိုကျွန်းပေါ်၌ တပ်စွဲထားခဲ့သည်။

The Voice Weekly

0 comments:

Post a Comment