17.8.13

ဗိုလ်ချုပ် လက်ရေးမူ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ အခမ်းအနားဖြင့် ပြန်လည် ပေးအပ်

 Saturday, August 17, 2013


အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့် ယူဆောင်သွားသော ဗိုလ်ချုပ်အောင်ဆန်း၏ ပါဠိဘာသာ လက်ရေးမူ စာအုပ်ကို သြဂုတ်လ ၁၆ ရက် နေ့လယ် ၁ နာရီတွင် အမျိုးသားလွှတ်တော် ဧည့်ခန်းမဆောင်၌ အခမ်းအနားဖြင့် ပြန်လည် ပေးအပ်ခဲ့ကြောင်း လက်ရေးမူ ပြန်လည် ရရှိရေး ကော်မတီ ဥက္ကဋ္ဌ ဦးသာချိုက The Voice သို့ ပြောကြားသည်။
ယင်းအခမ်းအနားတွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသား လွှတ်တော် ကိုယ်စားလှယ်အချို့ တက်ရောက်ကာ ဗိုလ်ချုပ် လက်ရေးမူကို ပြန်လည် ပေးအပ်ခဲ့ခြင်း   ဖြစ်သည်။

လက်ရေးမူ စာအုပ်အပေါ်တွင် နှစ်ဖက်စလုံး ထားရှိခဲ့သည့် သဘောထား များမှာ တူညီကြောင်း၊ တစ်ဖက်နှင့် တစ်ဖက် နားလည်မူ ရှိစွာ ဆောင်ရွက်နိုင်ခြင်းမှာ နိုင်ငံတော် တည်ဆောက်ရေး တွင် ကောင်းမွန်သော အလားအလာ တစ်ခု ဖြစ်ကြောင်း အဆိုပါ အခမ်းအနားတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုသည်။

အဆိုပါ ဗိုလ်ချုပ် လက်ရေးမူ စာအုပ်ကို ရေနံချောင်းမြို့ အ.ထ.က (၁) ကျောင်းသို့ ညနေ ၆ နာရီတွင် အခမ်းအနားဖြင့် ပြန်လည် ပို့ဆောင် ခဲ့ကြောင်း အထက (၁) ကျောင်း အကျိုးတော်ဆောင် ဦးကျော်ဆန်းဦး က ဆိုသည်။

ဗိုလ်ချုပ် လက်ရေးမူ စာအုပ်ကို အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က နိုင်ငံတော်ပိုင်အဖြစ် ထိန်းသိမ်းရန် ဇူလိုင်လ ၁၉ ရက်နေ့ တွင် ရေနံချောင်းမြို့ အထက (၁) ကျောင်းမှ ယူဆောင်သွား ခဲ့ခြင်း ဖြစ်ပြီး လက်ရေးမူ ပြန်လည် ရရှိရေးအတွက် လက်ရေးမူ ပြန်လည် ရရှိရေး ကော်မတီ၏ ဦးဆောင် မှုဖြင့် ပြန်လည် တောင်းဆိုခဲ့ခြင်း ဖြစ်သည်။

ဟိန်းသွင်ထက်
The Voice Weekly

0 comments:

Post a Comment