17.8.13

တစ်ရက်သား ရင်ချင်းဆက် အမြွာကလေးနှစ်ဦး ခွဲစိတ်မှုခံယူရန် ရန်ကင်း ကလေးဆေးရုံသို့ ရောက်ရှိ

Saturday, August 17, 2013

ဧရာဝတီတိုင်းဒေသကြီး ရေကြည်မြို့နယ် သီတာတိုက်နယ်ဆေးရုံတွင် သြဂုတ်လ ၁၅ ရက်နေ့၌   မွေးဖွားခဲ့သော ရင်ချင်းဆက် အမြွာညီမနှစ်ဦးသည် ခွဲစိတ်မှုခံယူရန် ရန်ကင်းကလေးဆေးရုံသို့ သြဂုတ်လ ၁၆ ရက်နေ့ နံနက် ၃ နာရီက ရောက်ရှိခဲ့ကြောင်း ရန်ကင်းကလေးဆေးရုံအုပ်ကြီး   ဒေါက်တာအောင်မြင့်လွင်  ထံမှ သိရသည်။
“ခွဲစိတ်ဖို့အတွက် ကလေးရဲ့ ကျန်းမာရေး အခြေအနေ၊ ဘယ်လောက် အတိုင်းအတာအထိ ခွဲစိတ်လို့ရမယ်၊ ဘယ်တော့ ခွဲမယ်ဆိုတာ ဆရာဝန်တွေ ဆုံးဖြတ်နေပါတယ်” ဟု ရင်ချင်းဆက် အမြွာခွဲစိတ်မှုကို တာဝန်ယူ ကုန်ကျခံမည့် ဧရာဝတီဖောင်ဒေးရှင်းမှ တာဝန်ရှိသူ ဦးမိုးဝေက ပြောကြားသည်။

ဧရာဝတီ ဖောင်ဒေးရှင်းအနေဖြင့် ထိုရင်ချင်းဆက် အမြွာနှစ်ဦး ခွဲစိတ်ခြင်းတွင် ပထမဆုံးကူညီပံ့ပိုးပေး   ခြင်းဖြစ်ပြီး၊  လိုအပ်မည့် ကုန်ကျစရိတ် အားလုံးအတွက် ၎င်းတို့ ဖောင်ဒေးရှင်းက   ထောက်ပံ့သွားမည်    ဖြစ်ကြောင်း ဦးမိုးဝေ၏ ပြောကြားချက်အရ သိရသည်။

ရန်ကင်း ကလေးဆေးရုံကြီး၏ သက်တမ်း ၂ နှစ်ခွဲအတွင်း ယခုရင်ချင်းဆက် အမြွာသည် ပထမဆုံး ခွဲစိတ်မှု ဖြစ်မည် ဖြစ်ပြီး ယခုအခါ မွေးကင်းစ အထူးကြပ်မတ်ဆောင်တွင် ထားရှိကာ အခြေအနေကို   စောင့်ကြည့်လျက်ရှိသည်။ ထို့ပြင် ယင်းဆေးရုံ၌ ၂၀၁၃ ခုနှစ် ဇူလိုင်လကလည်း ပထမဆုံး   ခြေလေးချောင်း ကလေးငယ် ခွဲစိတ်မှုကိုလည်း ပြုလုပ်ခဲ့သည်။

မြန်မာနိုင်ငံတွင် ၁၉၇၁ ခုနှစ်မှ ၂၀၁၃ ခုနှစ်အထိ ယခုအမြွာ အပါအဝင် ရင်ချင်းဆက်အမြွာ ခြောက်တွဲနှင့် တင်ချင်းဆက်အမြွာ နှစ် တွဲတို့ကို မွေးဖွားခဲ့သည်။

The Voice Weekly

0 comments:

Post a Comment