25.3.13

အာရှဖလားခြေစစ်ပွဲတွင် မလေးရှားအသင်း နိုင်ပွဲစတင်ရရှိ

၂၀၁၅ အာရှဖလားခြေစစ်ပွဲတွင် မလေးရှားအသင်း သည် နိုင်ပွဲစတင် ရရှိခဲ့သော်လည်း ထိုင်း၊ ဗီယက်နမ် အသင်းတို့မှာ ရှုံးပွဲများ ဆက် လက်ကြုံတွေ့ နေသည်။ မလေးရှားအသင်းသည် ပြီးခဲ့သည့် မတ် ၂၂ ရက်က အာရှဖလားခြေစစ်ပွဲအဖြစ် အိမ်ကွင်း၌ ယီမင်အသင်းအား ဧည့်ခံကစားခဲ့ရာ ၂-၁ဂိုးဖြင့် အနိုင် ရရှိခဲ့သည်။ မလေးရှားအသင်းအတွက် အနိုင်ဂိုးများကို ၂၇ မိနစ်တွင် အာဇာမူဒင်၊ ၈၀ မိနစ်တွင် မူဟန်မင်း တို့က သွင်းယူပေးခဲ့ကြပြီး ယီမင် အသင်းအတွက် တစ်လုံးတည်းသောဂိုးကို ၁၂ မိနစ်တွင် ဟာဂရီက သွင်းယူပေးခဲ့ခြင်းဖြစ်သည်။ မလေးရှားအသင်းသည် အာရှဖလားခြေစစ်ပွဲ အုပ်စု (D) တွင် ဘာရိန်း၊ ကာတာ၊ ယီမင်အသင်းများနှင့် တစ်အုပ်စုတည်းကျရောက်နေပြီး လက်ရှိအချိန်တွင် နှစ်ပွဲကစား တစ်ပွဲနိုင်၊ တစ်ပွဲ ရှုံး ရမှတ် သုံးမှတ်ဖြင့် အဆင့် ၃ နေရာတွင် ရပ်တည်နေသည်။ လာမည့် အောက်တိုဘာ ၁၅ ရက်တွင် ဇယားထိပ်ဆုံး၌ ဦးဆောင်နေသည့် ဘာရိန်း အသင်းနှင့် အိမ်ကွင်းတွင် ကစားရမည်ဖြစ်သည်။ အခြားပွဲစဉ် တွင် ဘာရိန်းအသင်းက ကာတာ အသင်းအား ၁-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

အာရှဖလားခြေစစ်ပွဲ အုပ်စု (B) တွင် အရှေ့တောင်အာရှအသင်းဖြစ်သည့် ထိုင်းအသင်းသည် အဝေးကွင်း၌ လက်ဘနွန်အသင်းအား ၅-၂ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ သည်။ လက်ဘနွန်အသင်းအတွက် အနိုင်ဂိုးများကို ၆၊ ၂၂ မိနစ်များတွင် ချာတို၊ ၃၁ မိနစ်တွင် ဟာဒါ၊ ၇၂ မိနစ်တွင် မာတောက်၊ ၉၁ မိနစ်တွင် အာဝီတို့က သွင်းယူပေး ခဲ့ပြီး ထိုင်းအသင်းအတွက် ချေပဂိုးနှစ်ဂိုးကို ၄၉ နှင့် ၈၅ မိနစ်များတွင် ပါချမ်က သွင်းယူပေးခဲ့သည်။ ထိုင်းအသင်း သည် အာရှဖလားခြေစစ်ပွဲ အုပ်စု(B) တွင် အီရန်၊ ကူဝိတ်၊ လက်ဘနွန်အသင်းများနှင့် ကျရောက်နေပြီး လက်ရှိအချိန်တွင် နှစ်ပွဲကစား နှစ်ပွဲရှုံးဖြင့် ဇယား အောက်ဆုံး၌ ရပ်တည်နေသည်။ လာမည့် အောက်တိုဘာ ၁၅ တွင် ထိုင်းအသင်းသည် အဝေးကွင်း၌ အီရန်အသင်းနှင့် ဆက်လက်ယှဉ်ပြိုင် ကစား ရမည်ဖြစ်သည်။

အာရှဖလားခြေစစ်ပွဲ အုပ်စု (E) တွင် အရှေ့တောင်အာရှအသင်းတစ်သင်းဖြစ်သည့် ဗီယက်နမ်အသင်း သည် ဟောင်ကောင်အသင်းအား ၁-၀ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ သည်။ ဟောင်ကောင်အသင်းအတွက် တစ်လုံး တည်းသော အနိုင်ဂိုးကို ၈၇ မိနစ်တွင် ချမ်ဝါဟိုက သွင်းယူပေးခဲ့ခြင်းဖြစ်သည်။ ဗီယက်နမ်အသင်းသည် အာရှဖလား ခြေစစ်ပွဲ အုပ်စု(E) တွင် ယူအေအီး၊ ဟောင်ကောင်၊ ဥဇဘက်ကစ္စတန်အသင်းများနှင့် တစ်အုပ်စု တည်းကျ ရောက်နေပြီး လက်ရှိအချိန်တွင် နှစ်ပွဲကစားပြီးရာ၌ နှစ်ပွဲစလုံး ရှုံးနိမ့်ထားပြီး ဇယားအောက်ဆုံး ၌ ရပ်တည်နေသည်။ ဗီယက်နမ်အသင်းသည် လာမည့် အောက်တိုဘာ ၁၅ ရက်တွင် အဝေးကွင်း၌ ဥဇဘက်ကစ္စတန်အသင်းနှင့် ဆက်လက်ကစားရမည်ဖြစ်သည်။

မတ် ၂၂ ရက်တွင် ကစားခဲ့သည့် ၂၀၁၅ အာရှဖလားခြေစစ်ပွဲ ရလဒ်များ
လက်ဘနွန် ၅ - ၂ ထိုင်း
တရုတ် ၁ - ၀ အီရတ်
မလေးရှား ၂ - ၁ ယီမင်
ဘာရိန်း ၁ - ၀ ကာတာ
ဟောင်ကောင် ၁ - ၀ ဗီယက်နမ်
ယူအေအီး ၂ - ၁ ဥဇဘက်ကစ္စတန်

0 comments:

Post a Comment