26.2.14

နိုင်ငံတော် စီမံကိန်းများအတွက် ပြည်သူအပ်ငွေကို အရှုံးခံထုတ်ချေး


26-2-2014

နေပြည်တော်၊ မဇ္ဈိမ။ ။ ပြည်သူများအပ်နှံငွေအပေါ် တစ်နှစ်အတိုးနှုန်း ရှစ်ရာခိုင်နှုန်းပေးပြီး နိုင်ငံတော် စီမံကိန်းများအတွက် ထုတ် ချေးငွေအပေါ် အတိုးနှုန်းလေးရာခိုင်နှုန်းသာ သတ်မှတ်ထားခြင်းသည် အရှုံးခံလုပ်ဆောင်နေခြင်းဖြစ်သည် ဟု သာပေါင်းမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းသန်းက ဝေဖန်ထောက်ပြလိုက်သည်။

“ငွေလာအပ်တဲ့ ပြည်သူတွေကို ရှစ်ရာခိုင်နှုန်း ပေးနေရတယ်၊ ပြည်သူတွေ အပ်ထားတဲ့ငွေကိုပဲ နိုင်ငံတော် ရဲ့လုပ်ငန်းတွေကို လေးရာခိုင်နှုန်းနဲ့ ချေးပေးမယ်ဆိုတော့ တကယ်တမ်းအရှုံးခံပြီး ထုတ်ပေးသလို ဖြစ်နေ တယ်။ အပြင်မှာဆို (ချေးငွေအပေါ် အတိုးနှုန်း) ၁၂ ရာခိုင်နှုန်း၊ ၁၃ ရာခိုင်နှုန်းရှိတယ်” ဟု ၎င်းက မဇ္ဈိမကို ပြောသည်။

သို့သော် ဦးဝင်းသန်းက နိုင်ငံတော်၏ မည်သည့်စီမံကိန်းများကို ထုတ်ချေးသည်၊ မည်သည့် ငွေရေးကြေး ရေးဆိုင်ရာ အဖွဲ့အစည်းများ ဖြစ်သည်ကိုမူ ထုတ်ပြောကြားခဲ့ခြင်း မရှိပေ။

ပထမအကြိမ် ပြည်ထောင်စုလွှတ်တော်၊ နဝမအကြိမ် ပုံမှန်အစည်းအဝေး ၁၇ ရက်မြောက်တွင် အမျိုးသား စီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာနက ၂ဝ၁၃- ၂ဝ၁၄ ဘဏ္ဍာရေးနှစ်၊ ပထမ ခြောက်လ ပတ် အမျိုးသားစီမံကိန်းဆောင်ရွက်မှု အစီရင်ခံစာနှင့် စပ်လျဉ်း၍ လွှတ်တော်သို့ ရှင်းလင်းတင်ပြအပြီးတွင် ဦးဝင်းသန်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုဝန်ကြီးဌာနမှ ၂ဝ၁၃-၁၄ ဘဏ္ဍာရေးနှစ် ပထမ ခြောက်လပတ် အမျိုးသားစီမံကိန်းဆောင်ရွက်မှု အစီရင်ခံစာကို ဘဏ္ဍာရေးကော်မတီမှ မျှတမှု မရှိသည် ကို ထည့်သွင်းဖော်ပြထားခြင်း မရှိကြောင်းကိုလည်း ၎င်းက ထောက်ပြခဲ့သည်။

“နိုင်ငံတော်ရဲ့ စီမံကိန်းဆိုပြီး (အတိုးနှုန်း) လေးရာခိုင်နှုန်းပဲ သွားပေးတော့ တစ်ဖက်ကပြောရင် မမျှဘူး ပေါ့၊ မမျှတတာကိုတော့ ထည့်ပြောထားတာ မတွေ့ရဘူး၊ သို့သော် စီးပွားရေးအရတွက်ရင် ရှုံးတယ်၊ သူ တို့စိန်ခေါ်ပြီးလုပ်တဲ့ လုပ်ငန်းအောင်မြင်သည့်တိုင်အောင် ငွေရေးကြေးရေးအရ ဒီမှာ လောလောဆယ် ရှုံး တယ်” ဟု ဦးဝင်းသန်းက မဇ္ဈိမကိုပြောသည်။

၎င်းက ဆက်လက်၍ “ဘတ်ဂျက်ဆိုတာကတော့ ရှုံးရှုံးမြတ်မြတ်၊ ဘာမှဆပ်စရာ မလိုဘူးပေါ့။ အောင်မြင် အောင်တော့ တာဝန်ခံရမယ်။ သို့သော် အကြမ်းဖျင်း တကယ်တမ်းမမျှော်လင့်ဘဲ ဆုံးရှုံးရင် တာဝန်မရှိဘူး။

ဟိုဟာကျတော့(ပြည်သူများထံမှ အပ်ငွေကို အတိုးနှုန်း ရှစ်ရာခိုင်နှုန်းပေး၍ နိုင်ငံတော် စီမံကိန်းများသို့ အတိုးနှုန်း လေးရာခိုင်နှုန်းဖြင့် ထုတ်ချေးခြင်း) ဒီငွေအပေါ်မှာယူပြီး ဘာထုတ်လုပ်မှာ၊ ဘာရောင်းမယ်၊ ညာရောင်းမယ်ဆိုရင် နိုင်ငံတော်ဘတ်ဂျက် ပြင်ပကနေပြီးတော့ နိုင်ငံတော်ချေးငွေကိုပဲ ချေးယူပြီး သုံးတာ ပေါ့။ အဲဒီကျတော့ challenge (စိန်ခေါ်မှု) ဖြစ်တာပေါ့”ဟု ဖြည့်စွက်ပြောသည်။

Mizzima - News in Burmese

0 comments:

Post a Comment