26.2.14

မန္တလေးတိုင်းဒေသကြီး အတွင်းရှိ လယ်ယာမြေ တိုင်ကြားမှုများ စတင်စစ်ဆေးမည်



မန္တလေးတိုင်းဒေသကြီး အတွင်းရှိ လယ်ယာမြေ သိမ်းဆည်းခံရမှုနှင့် ပတ်သက်၍ တိုင်ကြားမှု ၂၇၂ မှုကို လာမည့် မတ်လမှ စတင်ကာ စစ်ဆေးသွားမည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး မြေစာရင်းဦးစီးဌာန တာဝန်ရှိသူ တစ်ဦးထံမှ စုံစမ်းသိရှိရသည်။

မန္တလေးတိုင်းဒေသကြီးအတွင်း လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှု စုံစမ်းရေး ကော်မရှင်အဖွဲ့က ပေးပို့သည့် အဆိုပါ အမှုများကို အမြန်ဆုံး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၎င်းက ထပ်မံပြောကြားသည်။


“တစ်မှုချင်းစီအလိုက် သက်ဆိုင်ရာမြို့နယ် မြေအသုံးချမှု စီမံခန့်ခွဲရေး ကော်မတီနဲ့ ပူးပေါင်း စစ်ဆေးပြီးတော့ တစ်ခါတည်း အစီရင်ခံစာ ရေးတင်မယ်။ ပြီးတာနဲ့ တိုင်းဒေသကြီး အစိုးရအဖွဲ့ကို တင်မယ်။ အဲ့ဒါမှ မြန်မှာ။ မဟုတ်ရင် နှစ်ပေါက်အောင် ကြာသွားမှာ” ဟု ၎င်းကဆိုသည်။

အဆိုပါ အမှုတွဲများ စတင်စစ်ဆေးသည့်အခါ သက်ဆိုင်ရာ ခရိုင်နှင့် မြို့နယ်အလိုက် မြေအသုံးချရေး စီမံခန့်ခွဲမှု ကော်မတီရုံးများကို ဖွင့်လှစ်သွားမည် ဖြစ်ပြီး လက်ရှိတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးတွင် ဖွင့်လှစ်ထားကြောင်း ယင်းဌာနထံမှ ထပ်မံသိရသည်။
“ကျွန်တော်တို့ တောင်သူတွေ နစ်နာမှုကို လယ်ယာမြေ စုံစမ်းရေး ကော်မရှင်ကို တိုင်ထားတာ ရှိပါတယ်။ ဘာမှမထူးသေးဘူး။ တောင်သူတွေ အမှုဖြစ်ပြီး ထောင်ချ ခံထားရတဲ့ ဖြစ်စဉ်တွေ အဲ့ဒီကော်မရှင်ကို တိုင်ကြားသွားဖို့ ရှိတယ်” ဟု ပြင်ဦးလွင်မြို့နယ် တောင်သူများကွန်ရက် ပြန်ကြားရေး တာဝန်ရှိသူ ဦးသက်ပိုင်က ဆိုသည်။

ယင်းလယ်ယာမြေ သိမ်းဆည်း ခံရခြင်းများနှင့် ပတ်သက်၍ တောင်သူ လယ်သမားဆိုင်ရာ တွေ့ဆုံဆွေးနွေးပွဲကို မတ်လ ၅ ရက်နေ့မှ ၆ ရက်နေ့ နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ် ၇၈ လမ်း၊ ၃၇ လမ်း၊ ၃၈ လမ်းကြားရှိ ဟိုတယ်မန္တလေးတွင် ပြုလုပ်မည်ဖြစ်ကာ လက်ရှိ ကြုံတွေ့နေရ သော တောင်သူလယ်သမား၏ အခက်အခဲများ၊ လယ်ယာမြေ ဥပဒေဆိုင်ရာ အချက်အလက်များ၊ လယ်ယာမြေ အသိမ်းဆည်းခံရသော တောင်သူ လယ်သမားများ၏ ပြဿနာ များ ဆွေးနွေးမည် ဖြစ်သည်။

0 comments:

Post a Comment