26.2.14

အရက် တောမှာ နွံမနစ်စေလို



အလုပ်ကြမ်း လုပ်သူနှင့် အလုပ်မနု၊မရင့် လုပ်ကိုင်နေသော ယောက်ျားတော်တော် များများဟာ အရက် သောက်တတ်ကြတယ်။

ကျေးရွာ များမှာဆိုလည်း အလှူပွဲ၊ မင်္ဂလာပွဲက အစ အသုဘ ရက်လည်အဆုံး အရက် ယဉ်ကျေးမှု ပါတယ်။ သင်္ကြန်နဲ့ ဝါဆိုပန်းခူး နေ့တွေမှာ ''အရက်ကော့တေးပါတီ'' လုပ်လိုက်သေးတယ်။ အရက်ဟာ တစ်ဦးနဲ့ တစ်ဦး ပေါင်းသင်းရ လွယ်တယ်။ ဟန်ကြီးပန်ကြီး မရှိ။ ဆင်းရဲ ချမ်းသာမရှိ။ အရက်ကို သောက်ပြီး မမူးရင် သည်ဟာ အရက်မဟုတ်သလို၊ အခုခေတ် နိုက်ကလပ်နဲ့ ဘီယာ ယဉ်ကျေးမှုမှာ အရက် သောက်စားမှု ဟာ ယောက်ျားလေးများ သာမက မိန်းကလေးတွေပါ ပါလာတာ တွေ့လာရတယ်။


အရက်သောက်ရင် အားရှိတယ်။ သွက်လက် ပေါ့ပါးတယ် ထင်တာ။ အရက်ထဲမှာ ပါတဲ့ အယ်လ်ကိုဟောက သွေးပူပြီး လူဣနြေ္ဒကို ထိန်းသိမ်းနိုင်တဲ့ အင်အား အခိုက်အတန့် ပျက်စီးသွားပြီး အထိန်းကွပ် မဲ့သွားတတ်တယ်။ အရက်သောက်ရင် အားတိုးတယ် ဆိုတာထက် သွေးဆိုးတယ် ဆိုတာတွေ ဖြစ်လာတတ်တာ များတာပါ။ မူးနေတော့ ကိုယ့်စိတ်ကိုယ် မထိန်းနိုင်၊ သွက်လက် ပေါ့ပါးတာကို အားတိုးတယ်၊ အလုပ် ပိုတွင်ကျယ်တယ်၊ခံနိုင်ရည် ရှိတယ်၊ အပူဒဏ်၊ အအေးဒဏ်၊ သဘာဝ ဘေးဒဏ်ခံနိုင်တယ်၊ သတ္တိရှိတယ် စသည်ဖြင့် အလွဲသုံး နေကြတယ်။

နိုင်ငံပေါင်းစုံက အရက်ကို အပြိုင်အဆိုင် ချက်ကြတယ်။ ဘီယာပွဲတော်လို ဆုတံ ဆိပ် ချီးမြှင့်ပေးကြတယ်။ အရက်ကောင်းလည်း ထုတ်တယ်။ အတုများလည်း ရောနှောပါဝင်တယ်။ တံဆိပ် အမျိုးမျိုးနဲ့ကို တုပတယ်။ ဘယ်နိုင်ငံက ဘယ်အရက် (ဥပမာ စကော့တလန်က ဂျော်နီဝါးကား ဝီစကီ၊ ရုရှားက ဗော့ကာအရက်) စသဖြင့် နာမည်ကြီးတွေ ရှိတယ်။ အရက် အကောင်းဆုံးက ပြင်သစ်လို့ ဆိုတယ်။ ပြင်သစ်၊ အီတလီ၊ ရုရှား၊ စပိန်၊ အာဂျင်တီးနား၊ အမေရိကန်၊ စကော့တလန်စသည်ဖြင့် အစီစဉ်လိုက် အရက်ကောင်းတယ်။

အရက်ကို စဉ်ဆက်မပြတ် သောက်ရင် အရက်စွဲတာ အတူတူပဲ။ အရက်ထက် စာရင် ဘီယာ ယဉ်ကျေးမှုက မြန်မာနိုင်ငံကို နောက်ကနေ ကျော်တက် သွားတယ်။ အပျော် သဘောမျိုး အမျိုးသမီးငယ် တွေလည်း ဘီယာဝိုင်း ထိုင်တတ်လာကြတယ်။ တစ်ခု ပဲရှိတယ်။ အမူးလွန်လို့ အရှက်တရား ကင်းမဲ့သွားရင် မိန်းကလေးတွေပဲ သိက္ခာကျမှာ စဉ်းစား စေချင်တယ်။ သီးသန့် မသောက် မနေရမှ တစ်ပါး ယောက်ျားလေးတွေကို တုပလို့ အမျိုးသမီးတွေ အရက်ဘီယာ မသောက်သင့်ပါ။

အရက်ကို ရည်ရွယ်ချက် အမျိုးမျိုးနဲ့ သောက်ကြပေမဲ့ အရက်က ခါးခါးတူးတူး များရင်မူးတာပဲ။ ဆင်းရဲသားလည်း အရက်မူးတယ်။ လက်လုပ်လက်စား၊ လူကုံထံလည်း အရက်မူးတယ်။ သို့သော် အသက်နဲ့ဆိုင်မယ့် ဘဝနဲ့ဆိုင်တဲ့ နေရာမှာ အရက် က အတန်းစား ခွဲသွားတယ်။

ကြုံရာသောက်၊ တောအရက်သောက် နေသူတွေက တဖြည်းဖြည်း အားအင် ဆုတ်ယုတ်ပြီး ခန္ဓာကိုယ်ရှိ အသားအရေ ခန်းခြောက်၊ ရုပ်ပိုင်း ဆိုင်ရာ ပြောင်းလဲလာကာ ငယ်ငယ်ရွယ်ရွယ်နဲ့ အိုမင်းတဲ့ လက္ခဏာ ပေါ်လာတယ်။ နောက်ပိုင်းမှာ စွဲလမ်းသွားပြီး စိတ်မူမမှန်တော့ တာ တွေ့ရတယ်။ စိတ်ပိုင်းဆိုင်ရာ စွဲလမ်းနေရင်း ဒုက္ခရောက် တာပဲ။ တကယ်ကျတော့ အတ္တာဟိ အတ္တနောနာထော ''မိမိကိုယ်သာ ကိုးကွယ်ရာ'' ''ဘယ်သူမပြု မိမိမှု'' ပါပဲ အရက်သမားရဲ့သားသမီးတွေ အရမ်းမျက်နှာ ငယ်ရပါ တယ်။ လူတန်းစေ့ မစား၊ မဝတ်၊ မနေရဘဲ လူတန်းစေ့ မထားနိုင်တဲ့ ကံကိုသာ ယိုးမယ်ဖွဲ့ အရက်တောမှာ နွံနစ်လေရဲ့။ ။

မြ၀တီ

0 comments:

Post a Comment