26.2.14

တောင်ကိုရီးယား ရေကြောင်းပိုင်နက်အတွင်းသို့ မြောက်ကိုရီးယား ကင်းလှည့်ရေယာဉ် ကျူးကျော်ဝင်ရောက်


တောင်ကိုရီးယားနိုင်ငံ၏ ပင်လယ်ရေကြောင်းပိုင်နက် အတွင်းသို့ ဖေဖော်ဝါရီ ၂၄ ရက်နှောင်းပိုင်းတွင် မြောက် ကိုရီးယားကင်းလှည့်ရေယာဉ်တစ်စင်း နာရီအတန်ကြာမျှ ကျူးကျော်ဝင်ရောက်ခဲ့ကြောင်း တောင်ကိုရီးယားအစိုးရတာဝန်ရှိသူတစ်ဦးက ယနေ့ပြောကြားသည်။


တောင်ကိုရီးယားနယ်ခြား ကျွန်းအနီးရှိ ရေပြင်သို့ အဆိုပါမြောက်ကိုရီးယား ကင်းလှည့်ရေယာဉ်က နာရီ အနည်းငယ်ကြာမျှ ဝင်ရောက်ခဲ့သည်။ တောင်ကိုရီးယားဘက်မှ ၎င်းရေယာဉ်ပြန်လည်မထွက်ခွာမချင်း သတိပေးမှုများ ထပ်ကာတလဲလဲပြုလုပ်ခဲ့ရကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။ မြောက်ကိုရီးယားနိုင်ငံက နှစ်နိုင်ငံအကြား ရေကြောင်းနယ်နိမိတ်ပိုင်းခြားမှုကို ငြင်းဆန်မှု များပြုလျက်ရှိပြီး ယင်းဒေသအတွင်းသို့ ရှေးယခင်ကပင် ယင်း၏ရေယာဉ်များ စေလွှတ်ဖြတ်ကျော်စေခဲ့သည်။

မြောက်ကိုရီးယားနိုင်ငံက ဆန့်ကျင်ကန့်ကွက်နေသည့် တောင်ကိုရီးယားနှင့် အမေရိကန် နှစ်နိုင်ငံ ပူးတွဲစစ်ရေး လေ့ကျင့်မှုများ စတင်ပြုလုပ်နေချိန်တွင် ယင်းဖြစ်ရပ်ဖြစ် ပေါ်လာခြင်းဖြစ်သည်။
မြောက်ကိုရီးယားကင်းလှည့်ရေယာဉ်သည် တောင် နှင့်မြောက်နှစ်နိုင်ငံအကြား ပင်လယ်ရေကြောင်းနယ်နိမိတ် မျဉ်းအဖြစ် တောင်ကိုရီးယားနိုင်ငံက သတ်မှတ်ထားသည့် မြောက်ပိုင်းကန့်သတ်မျဉ်းကို ဒေသစံတော်ချိန် ၂၂ နာရီ ၄၆ မိနစ်တွင် ဖြတ်သန်းဝင်ရောက်ခဲ့ကြောင်း တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားသည်။

မြောက်ကိုရီးယားရေယာဉ်အား ပြန်လည်ထွက်ခွာသွားရန် တောင်ကိုရီးယားဘက်မှ သတိပေးထုတ်လွှင့်မှု ၁ဝ ကြိမ်မျှ ပြုလုပ်ခဲ့ရကြောင်း သတင်းတွင်ဖော်ပြသည်။

ယင်းမြောက်ကိုရီးယား ကင်းလှည့်ရေယာဉ်သည် တောင်ကိုရီးယားရေပြင်ပိုင်နက် ဘေယောင်ဂျွန်းအနီး ၂၃ ကီလိုမီတာ(၁၅)မိုင်အနီးသို့ ဝင်ရောက်လာခဲ့ခြင်းဖြစ်သည်။ ၂ဝ၁ဝ ခုနှစ်အတွင်းက ယင်းကျွန်းအနီး ပင်လယ်ပြင်တွင် တောင်ကိုရီးယား ရေတပ်သင်္ဘောတစ်စင်း နစ်မြုပ်ခဲ့ပြီး ရေတပ်သား ၄၆ ဦးသေဆုံးခဲ့ရသည်။ မြောက်ကိုရီးယားတို့ က တော်ပီဒိုဖြင့်ပစ်ခတ်သဖြင့် အဆိုပါရေယာဉ်နစ်မြုပ်ခဲ့ရကြောင်း တောင်ကိုရီးယားက ပြောကြားခဲ့သော်လည်း မြောက်ကိုရီးယားက ၎င်းတို့၏လက်ချက်မဟုတ်ကြောင်း ငြင်းဆန်ခဲ့သည်။ ဘီဘီစီ။

0 comments:

Post a Comment