26.2.14

မြန်မာနှင့် ထိုင်းနိုင်ငံတို့၏ စွမ်းအင်လိုအပ်ချက်အတွက် ဇောတိကစီမံကိန်းမှ တစ်နေ့လျှင် သဘာဝဓာတ်ငွေ့ ကုဗပေသန်း ၃၀၀ ထုတ်လုပ်သွားမည်


=====================================

မင်းသီဟဇော်၊ အောင်ရဲကို
PTTEP မှ တာဝန်ရှိသူတစ်ဦး ရှင်းလင်းနေစဉ်

မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့၏ စွမ်းအင်လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန်အတွက် ဇောတိကရေနံနှင့် သဘာဝဓာတ်ငွေ့ စီမံကိန်းမှ တစ်နေ့လျှင် သဘာဝဓာတ်ငွေ့ ကုဗပေသန်း ၃ဝဝ ကို ထုတ်လုပ်သွားမည်ဖြစ်ကြောင်း ဖေဖော်ဝါရီ ၂၅ ရက်က ရန်ကုန်မြို့တွင်ပြုလုပ်သည့် ထိုင်း PTTEP ကုမ္ပဏီ၏ သတင်းစာရှင်းလင်းပွဲမှ သိရသည်။


“ဇောတိကစီမံကိန်းဟာ PTTEP ရဲ့ ပြည်ပစီမံကိန်းတွေထဲမှာ အကြီးမားဆုံး ကမ်းလွန်သဘာဝဓာတ်ငွေ့လုပ်ကွက် ဖြစ်ပါတယ်။ ဒီစီမံကိန်းက ထွက်ရှိလာတဲ့ ဓာတ်ငွေ့တွေကို မြင့်တက်လာတဲ့ စွမ်းအင်လိုအပ်ချက်နဲ့ အနာဂတ် တိုးတက်မှုတွေအတွက် မြန်မာနိုင်ငံ ပြည်တွင်းသုံးနဲ့ ထိုင်းနိုင်ငံသို့ တင်ပို့ရောင်းချသွားမှာ ဖြစ်ပါတယ်” ဟု PTTEP ၏ ဥက္ကဋ္ဌနှင့် အမှုဆောင်အရာရှိချုပ် Mr.Tevin Vongvanich က ပြောကြားသည်။

မြန်မာနိုင်ငံအတွင်း PTTEP ၏ ပထမဆုံး ကိုယ်ပိုင်ထုတ်လုပ်ရေး စီမံကိန်းဖြစ်သည့် ဇောတိက စီမံကိန်းသည် ၂ဝ၁၄ ခုနှစ်တွင် စတင်ထုတ်လုပ်ပြီး မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့အတွက် စွမ်းအင်ထောက်ပံ့မှု ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ယင်းစီမံကိန်းမှ တစ်နေ့လျှင် သဘာဝဓာတ်ငွေ့ ၃ဝဝ Million Cubic Feet Per Day (MMSCFD) ကို ကနဦး ထုတ်လုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

PTTEP (PTT Exploration and Production Public Company Limited) သည် ထုတ်လုပ်ရေးပိုင်း တိုးတက်ရန်နှင့် တွေ့ရှိထားသည့် ဓာတ်ငွေ့ပမာဏသက်တမ်း တိုးတက်ရန် ရည်ရွယ်ကာ ထုတ်လုပ်လျက်ရှိသော သို့မဟုတ် မကြာခင် ထုတ်လုပ်မည့် စီမံကိန်းများတွင် ပူးပေါင်း၍ဖြစ်စေ တစ်ဦးပိုင်ဖြစ်စေ ရင်းနှီးမြှုပ်နှံသွားရန် စီစဉ်ထားကြောင်း သိရသည်။

PTTEP သည် မြန်မာနိုင်ငံ၌ ၁၉၈၉ ခုနှစ်တွင် ပထမဆုံး ရေနံရှာဖွေရေးကို စတင်ခဲ့ပြီး အောင်မြင်မှု မရရှိခဲ့သော်လည်း မြန်မာနိုင်ငံတွင် ဆက်လက်ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ PTTEP သည် ရတနာနှင့် ရဲတံခွန် ရေနံနှင့်သဘာဝဓာတ်ငွေ့ စီမံကိန်းများတွင် Total, Petronas တို့နှင့် စပ်တူဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ ရေနံနှင့်သဘာဝဓာတ်ငွေ့ ကဏ္ဍတွင် ပြည်ပရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၁၄ ဘီလျံကျော်ရှိနေပြီး ပြည်ပရင်းနှီးမြှုပ်နှံသူများနှင့် ပူးပေါင်းဆောင်ရွက်ရန် မြန်မာနိုင်ငံသားပိုင် ကုမ္ပဏီရာနှင့်ချီ၍ စွမ်းအင်ဝန်ကြီးဌာနတွင် မှတ်ပုံတင်ထားကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ စွမ်းအင်၊ ရေနံနှင့်သဘာဝဓာတ်ငွေ့၊ သတ္တုတူးဖော်ထုတ်လုပ်ရေး၊ ကုန်ထုတ်လုပ်ငန်း၊ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်း၊ အိမ်ခြံမြေလုပ်ငန်း၊ မွေးမြူရေးနှင့်ရေလုပ်ငန်း၊ သယ်ယူပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး၊ စက်မှုလုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်း စသည့်လုပ်ငန်းကဏ္ဍများတွင် ပြည်ပရင်းနှီးမြှုပ်နှံမှုများ ရှိနေပြီး စွမ်းအင်၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းတို့တွင် ပြည်ပရင်းနှီးမြှုပ်နှံမှုပမာဏ အများဆုံးဖြစ်ကြောင်း သိရသည်။

ရေနံနှင့်သဘာဝဓာတ်ငွေ့ ကဏ္ဍတွင် ၂ဝ၁၄ ခုနှစ် ဇန်နဝါရီအထိ ခွင့်ပြုထားသည့် လုပ်ငန်းအရေအတွက် ၁၁၅ ခုရှိပြီး ဒေါ်လာ ၁၄ ဘီလျံကျော် ရင်းနှီးမြှုပ်နှံထားပြီး မြန်မာနိုင်ငံတွင် ပြည်ပနိုင်ငံများက ရင်းနှီးမြှုပ်နှံမှုထားသည့် ပမာဏစုစုပေါင်း၏ ၃၁ ရာခိုင်နှုန်းကျော်ရှိကြောင်း သိရသည်။

credit to : Myawady News

0 comments:

Post a Comment