26.2.14

မြန်မာ့ဗုဒ္ဓစင်တာကြီး ဗြိတိန်၌ တည်ဆောက်မည်


ဗုဒ္ဓသာသနာ ပြန့်ပွားရေးနှင့်ယဉ်ကျေးမှု ထွန်းကားရေးအတွက်မြန်မာ- ဥရောပ ဗုဒ္ဓသာသနာနှင့်ယဉ်ကျေးမှု တည်တံ့ခိုင်မြဲရေးကိုအထောက်အကူပြုမည့် မြန်မာ့ဗုဒ္ဓစင်တာကြီးကို ဗြိတိန်နိုင်ငံ၌လာမည့် ဧပြီလဆန်းပိုင်းတွင် စတင်အကောင်အထည်ဖော် တည်ဆောက်သွားမည်ဖြစ်ကြောင်း ပီနန်ဆရာတော်ကြီး
၏ဩဝါဒခံ တပည့် ရင်းဖြစ် သည့် ဂရိတ်ဗြိတိန်၊နယ်သာလန်၊ ဂျာမနီ၊ ဒိန်းမတ်၊ဖင်လန်၊ ဘယ်လ်ဂျီယံ၊ အိုင်ယာလန်တို့ရှိ ရံသီကျောင်းများ၏ ဥက္ကဋ္ဌအဆိုပါစင်တာကြီး ဖြစ်မြောက်ရေးအတွက် ဦးစီးဦးဆောင်ပြုသည့် သာသနရံ သီဝိဟာရ ပဓာနနာယကဆရာတော် ဘဒ္ဒန္တ ဥတ္တရက မိန့်ကြားခဲ့သည်။


အဆိုပါ မြန်မာ့ဗုဒ္ဓစင်တာကြီးကိုယခုလက်ရှိတွင် လန်ဒန်မြို့ အနောက်မြောက်ဘက် Colindale ရပ်ကွက်ရှိ သာသနရံသီဝိဟာရ ကျောင်းဝင်းအတွင်း၌ ပေါင် ၂ သန်း အကုန်အကျခံပြီး ယခုလာမည့် ဧပြီလ ဆန်းပိုင်း တွင်စတင်အကောင်အထည်ဖော် တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။ တည်ဆောက်မည့် ကျောင်းဝင်းသည် နှစ်ဧကခွဲကျော်ရှိပြီး ယခုလက်ရှိတွင် အဆိုပါဝင်းအတွင်း၌ မြန်မာနိုင်ငံမှ ပင့်ဆောင်လာသည့် ထုထည်ကိုးပေရှိ အောင်မြင်ချမ်းသာထိုင်တော်မူကျောက်ဆင်းတု မြတ်စွာဘုရားကြီးတစ်ဆူ တည်ရှိသည်။

ထိုကျောက်ဆင်းတု ဘုရားကြီးသည်မြန်မာ့ကျက်သရေဂုဏ်ဆောင်နိုင်ပြီး ဥရောပနိုင်ငံများတွင် အကြီးဆုံးဘုရားကြီးအဖြစ် ထင်ရှား လျက်ရှိသည်။ “ဘုန်းဘုန်းတို့ ဒီဗုဒ္ဓစင်တာကြီးကိုလွန်ခဲ့တဲ့ ၁၀ နှစ်လောက်ကတည်းက တည်ဆောက်ဖို့ ရည်ရွယ်ထားခဲ့တာပါ။

အဓိကကတော့ ထေရဝါဒဗုဒ္ဓသာသနာတော်ကြီးကို မြန်မာနိုင်ငံမှာ သာမက နိုင်ငံတကာမှာပါ စည်ပင်ထွန်းကားပြန်ပွား တည်တံ့ခိုင်မြဲစေဖို့နဲ့ မြန်မာ-ဥရောပ ဗုဒ္ဓ သာသနာ ပြန့်ပွားရေးနဲ့ ယဉ်ကျေးမှုထွန်းကားစေဖို့ အဓိကထားရည်ရွယ်ဆောက်လုပ်မှာဖြစ်ပါတယ်” ဟု ပဓာနနာယက ဆရာတော် ဘဒ္ဒန္တဥတ္တရက ပြောကြားခဲ့သည်။ဗြိတိန်တွင် မြန်မာနိုင်ငံမှဘုန်းတော်ကြီးအပါး ၂၀ ကျော် သီတင်း သုံးလျက်ရှိပြီး ၎င်းတို့အား တစုတစည်းတည်း ရှိစေရန်နှင့် အဆိုပါ ဘုန်းတော်ကြီးများမှတစ်ဆင့် အရည်အသွေး ပြည့်ဝသော ပြည်ပသာသနာပြုရဟန်းတော်များ ပေါ်ပေါက်လာစေရေး၊ ယဉ်ကျေးမှုပေါင်းစည်းရေး၊ လူပုဂ္ဂိုလ် ဆိုင်ရာ ပြည်ပသာသနာပြုအရပ်ရပ်နှင့် စာတွေ့သင်တန်းများကိုအဆိုပါ စင်တာကြီး၌ ဖွင့်လှစ် ပေးသွား မည်ဖြစ် သည့်အပြင် ဗုဒ္ဓစာပေဗဟုသုတတိုးတက်ရေးနှင့် အခါကြီးရက်ကြီး ရုံးပိတ်ရက်များတွင် သမထဝိ ပဿနာ ကမ္မဋ္ဌာန်းဌာနများဖွင့်လှစ်ပေးခြင်းနှင့်

စာကြည့်တိုက်များ တိုးမြှင့်ဖွင့်လှစ်ခြင်းတို့ ကိုပြုလုပ် သွားမည်ဖြစ်ကြောင်း သိရသည်။ကမ္ဘာ့အကြီးဆုံး
မြန်မာ့ဗုဒ္ဓစင်တာကြီးကို အင်္ဂလန်အင်ဂျင်နီယာများက တည်ဆောက်မှုများ ပြုလုပ်သွားမည်ဖြစ်ပြီး
မြန်မာ့ယဉ်ကျေးမှုအနုပညာပိုင်းဆိုင်ရာများကို မြန်မာလက်မှု ပညာရှင်များနှင့် ပူးပေါင်းတည်ဆောက် သွားမည် ဖြစ်ကြောင်းသိရသည်။ စေတနာရှင် ပြည်သူများအနေဖြင့် ပါဝင်လှူဒါန်းလိုပါကဆရာတော် ဦးဥတ္တရ (သာသနရံသီဝိဟာရ) ဖုန်း-၀၉-၅၀၇၃၇၁၄၊ ဦးယဉ်ထွေးဆွေ (ရန်ကုန်) ဖုန်း-၀၉-၄၃၁၁၁၁၁၈၊ ဦးဆန်းဝင်း (ရန်ကုန်)ဖုန်း-၀၉-၄၂၀၂၇၂၅၀၇၊ ဒေါက်တာလှကြွယ်(မန္တလေး) ဖုန်း-၀၉-၂၀၃၁၃၂၆၊ ဒေါ်စန်းစန်းဌေး (မန္တလေး) ဖုန်း-၀၉-၂၀၀၀၃၆၉ တို့သို့ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရ သည်။

From: MOI Webportal Myanmar

0 comments:

Post a Comment