26.2.14

ထုတ်စရာ မေးခွန်းများ ဦးတင်ဦး (ကျူရှင်)


မြန်မာနိုင်ငံသည် သမ္မတဦးသိန်းစိန်လက်ထက်မှစ၍ တစ်စုံတစ်ရာ ပြောင်းလဲလာသည်ကိုလည်းကောင်း၊ ဒေါ်အောင်ဆန်းစုကြည်တို့ လွှတ်တော်များထဲသို့ ရောက်လာခဲ့ပြီး နောက်ပိုင်းမှစ၍ သိသိသာသာ ပြောင်း လဲလာသည်ကိုလည်းကောင်း တွေ့ခဲ့ကြရပေသည်။ ပြောင်းလဲလာသည်ကတော့ အမှန်ပင် မငြင်းသာပါပေ။


သို့ရာတွင် လက်ရှိအစိုးရသွားနေသည့် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကို တကယ်ပဲ လုပ်မှာလား၊ သို့မ ဟုတ် ဘယ်လိုဒီမိုကရေစီကို ပြောင်းမှာလဲဟူသော မေးခွန်းမှစ၍ ထုတ်စရာမေးခွန်းတွေက အတော်များ များ ရှိနေသေးပေသည်။

အရေးကြီးသည့် မေးခွန်းတစ်ခုမှာ မေးခွန်းထုတ်စရာ အလွန်ကောင်းသည့် ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ကို ဘယ် အတိုင်းအတာအထိပြင်ဖို့ ရည်ရွယ်ထားပါသလဲ ဟူသောမေးခွန်း ဖြစ်သည်။

ထိုဥပဒေနှင့် ပတ်သက်၍ ထုတ်စရာ မေးခွန်းတွေကလည်း အများပင် ရှိနေသည်။ မေးစရာ ရှိသလောက် မမေးသေးဘဲ တစ်ခုနှစ်ခုကို မေးမည်ဆိုလျှင်ပင် ဘယ်လို အဖြေပေးကြမည်နည်း။

ဥပမာအခန်း(၁) ပုဒ်မ ၇ တွင် “နိုင်ငံတော်သည် စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံ ဒီမိုကရေစီစနစ် ကို ကျင့်သုံးသည်” ဟု ဖော်ပြထားသည်။ ထိုပြဋ္ဌာန်းချက်တွင်ပါရှိသည့် “စစ်မှန်သော” ဟူသော စကား အရ ထိုဒီမိုကရေစီစနစ်၏ စစ်မှန်မှုကို ဘယ်စံတွေနှင့် တိုင်းမည်နည်း။ အကယ်၍ စစ်မှန်၊ မစစ်မှန် အငြင်း ပွား၍ အခြေခံဥပဒေခုံရုံးသို့တက်သော် ထိုခုံရုံးက စစ်မှန် မစစ်မှန်ကို ဘယ်အခြေခံမူအပေါ် တိုင်း၍ အဆုံး အဖြတ် ပေးမည်နည်း။

ထို့အတူ နိုင်ငံတော်က ကျင့်သုံးသည့် ပါတီစုံဒီမိုကရေစီစနစ်၏ စည်းကမ်းပြည့်ဝမှု ရှိမရှိကို ဘာနှင့် တိုင်း မည်နည်း။ အုပ်ချုပ်ရေးအာဏာကိုင်ထားသူက သဘောမတူသော လုပ်ဆောင်ချက် ဟူသမျှကို စည်းကမ်း မရှိဘူးဟု တိုင်းတာမည်လော။

ထိုဥပဒေ၏ အခြေခံမူများကစ၍ မေးခွန်းထုတ်စရာတွေ ရှိနေသည်။ ထိုဥပဒေတွင် ပုဒ်မ ၄၄ဝ ပါရှိသည့် အနက် ပုဒ်မ ၇၄ ခုကို (ဝါ) ဥပဒေ၏ ၁၇ ရာခိုင်နှုန်းနီးပါးကို လွှတ်တော်ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်း ကျော်၏ သဘောတူညီချက်ရမှ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပပြီးနောက် ထိုဆန္ဒခံယူပွဲတွင်လည်း မဲ ပေးပိုင်ခွင့် ရှိသူအားလုံး၏ ထက်ဝက်ကျော်မဲရမှ ပြင်ဆင်နိုင်မည် ဆိုထားသည်။

တစ်ဖန် ပြည်ထောင်စုလွှတ်တော်ကို ပြည်သူ့ကိုယ်စားလှယ် မဟုတ်သည့် တပ်မတော် ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းဖြင့် ဖွဲ့စည်းထားသည်ဖြစ်ရာ ထိုအရေးကြီးသည့်ဥပဒေ ပုဒ်မ ၇၄ ခုတို့ကို ကာ/ချုပ်က သ ဘောမတူလျှင် ပြင်လို့မရသည့်အဓိပ္ပာယ် သက်ရောက်နေပေသည်။

ဤမျှပြင်ဖို့ခက်အောင် လုပ်ထားသည့် အခြေခံဥပဒေမျိုး ကမ္ဘာတွင် ဘယ်နှခုလောက်ရှိမှန်း ကျွန်တော် မသိရိုး အမှန်ပါ။

သို့ရာတွင် မေးစရာရှိသည်မှာ သမ္မတ ဦးသိန်းစိန် ကြိုးပမ်းနေသော ပြုပြင်ပြောင်းလဲလိုသည့် ဒီမိုကရေစီ သည် စစ်တပ်က သနားပါမှ ချမ်းသာရမည့် ဒီမိုကရေစီလားဟု မေးခွန်းထုတ်ရမလို ရှိနေသည်။ ဖေဖော် ဝါရီ ၁၈ ရက်ထုတ်မဇ္ဈိမ၏ သတင်းတစ်ပုဒ်တွင် တပ်မတော် ကိုယ်စားလှယ် ခေါင်းဆောင်က ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်လိုလျှင် ပုဒ်မ ၄၃၆ ပါအတိုင်း လိုက်နာပြီး ပြင်ဆင်ရမည့်သဘော ပြောထားသည် ကို ဖတ်လိုက်ရသည်။
သို့ဖြစ်လျှင် အခြေခံဥပဒေကိုပြင်ဆင်ဖို့ ပြောဆိုစိုင်းပြင်းနေကြရာတွင် တပ်မတော်က ဘယ်လောက်အထိ ပဲ လိုက်လျောနိုင်မလဲဟု မေးခွန်းထုတ်စရာ ရှိသည်။

ဥရောပသို့ သမ္မတဦးသိန်းစိန် ခရီးထွက်စဉ်က သတင်းထောက်များ၏ မေးခွန်း တစ်ခုကိုဖြေရာတွင် ကာ ကွယ်ရေးဦးစီးချုပ်ကို မိမိကခန့်ခြင်းဖြစ်ကြောင်း ထည့်သွင်းဖြေကြားဖူးသည်ကို သတိရမိသည်။ သမ္မတ သည် မိမိခန့်ထားသော ကာ /ချုပ် အပေါ် သြဇာ ဘယ်လောက်ရှိသလဲ၊ အခြေခံ ဥပဒေက အပ်နှင်းထား သော လုပ်ပိုင်ခွင့် အာဏာအရ သမ္မတမှာ ဘယ်လောက် လက်တွေ့လုပ်ပိုင်ခွင့် ရှိသလဲ။ သမ္မတ ကိုယ် တိုင်ကကော ဘယ်ပေတံနှင့်တိုင်းသော ဒီမိုကရေစီလောက်ကိုသာ ပြောင်းလဲချင်တာလဲ စသည်ဖြင့် အခြေခံဥပဒေနှင့် ဆက်နွယ်ပြီး ထုတ်စရာမေးခွန်းတွေ အများပင် ရှိနေသည်။

ဤအခြေခံပြင်ရေးသည် တပ်မတော်အပေါ်တွင် လုံးဝတည်မှီနေသလောက် ရှိနေပေရာ တပ်မတော်သည် ဤအခြေခံဥပဒေအတိုင်း နှစ်ပေါင်းဘယ်မျှ သို့မဟုတ် ဘယ် နှစ်ရာစုမျှ သွားလိုပါသလဲဟူ၍ မေးခွန်းထုတ် ရမလို ရှိနေသည်။

အခြေခံဥပဒေပုဒ်မ ၃၅၃ တွင် “နိုင်ငံသားတိုင်း၏ အခြေခံအခွင့်အရေးများကို ပြဋ္ဌာန်းထားသည်။ထိုပြဋ္ဌာန်း ချက်အရ နိုင်ငံသားတိုင်းသည် မိမိ၏ယုံကြည်ချက် ယူဆချက်ကို လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့် လည်း ရှိသည်။ လက်နက်မပါဘဲ ငြိမ်းချမ်းစွာ စုဝေးခွင့်၊ စီတန်းလှည့်လည်ခွင့်လည်း ရှိသည်။ သို့ရာတွင် “ပြဋ္ဌာန်းထားသော ဥပဒေများနှင့် မဆန့်ကျင်လျှင်” ဟူသော ချွင်းချက်နှင့် ထိုပုဒ်မကိုချုပ်ထားသဖြင့် ယခု အခါ ပုဒ်မ ၁၈ နှင့် အရေးယူခံရသူတွေလည်း မနည်းတော့ပေ။

သို့ရာတွင် ယနေ့အခြေအနေတွင် ဒီမိုကရေစီ နည်းဗျူဟာသစ်ကိုပါ တွေ့နေရသည်။ ငြိမ်းချမ်းစွာ စုဝေးခွင့်၊ စီတန်းလှည့်လည်ခွင့် တောင်းသူများကို ရဲတပ်ဖွဲ့က သူ့သဘောနှင့်သူ သူ့လုပ်ပိုင်ခွင့်အရ တိုက်ရိုက် မပယ်ချဘဲ မြို့မိမြို့ဖများ၏ ကန့်ကွက်ချက်ကြောင့်ဟု အကြောင်းပြ၍ ပယ်ချကာ ခွင့်ပြု ချက် မပေးခြင်းမျိုး ဖြစ်၏။ အုပ်ချုပ်ရေးပိုင်းက ခွင့်မပြုလိုသော် ကြားထဲက ကန့်ကွက်ပေးမည့်သူ ရှိဖို့လိုသေးသလားဟု မေး ခွန်းထုတ်ရဖွယ် ရှိနေပေသည်။

မကြာသေးမီက အိမ်ခြေ ၄ဝဝ လောက်ရှိသော ရွာတစ်ရွာကို ဘူဒိုဇာနှင့်ထိုးကာ အင်အားသုံး၍ ဖယ်ရှား လိုက်ကြောင်း သတင်းများ ဖတ်ရသည်။ ထိုရွာသည် တပ်ပိုင်မြေပေါ် ကျူးကျော်ဆောက်လုပ်နေထိုင်သော ရွာဟု ဆိုသည်။ တစ်ဖန် ထိုရွာ စတင် ဖြစ်လာသည်မှာ ၂ဝဝဝ ပြည့်နှစ် လောက်ကတည်းက ဟုလည်း ဆိုလေသည်။

လွန်ခဲ့သော ၁ဝ နှစ်ကျော်ကတည်းက ကျူးကျော်လာခဲ့သည်ဆိုလျှင် စတင် ကျူးကျော်စဉ်က သက်ဆိုင်ရာ တာဝန်ရှိသူတို့ မသိကြဘူးလား။ အဲဒီတုန်းကတည်းက ဘာကြောင့် တားမြစ် အရေးမယူတာလဲ။ ယခုလို အိမ်ခြေ ၄ဝဝ လောက်အထိ အခြေတကျဖြစ်လာမှ ဖျက်ဆီးဖယ်ရှားရတာက ဘာကြောင့်လဲ။

တပ်ပိုင်မြေဆိုလျှင် ထိုမြေကို ဘာမျှမလုပ်ဘဲ ဤမျှ အိမ်ခြေတွေ ပွားစီးလာသည်အထိ ဘာကြောင့် ထား နိုင်ကြတာလဲ။ မလိုအပ်ဘဲ သိမ်းထားသည့် မြေတွေလား မေးစရာတွေ ရှိလာသည်။ တစ်ဆက်တည်းမှာ ပင် တပ်ကသိမ်းသောမြေများနှင့် ပတ်သက်၍ တစ်နိုင်ငံလုံး တပ်ပိုင်မြေဧက ဘယ်နှသိန်းရှိပါသလဲ။ တပ် ရင်းတစ်ရင်း တည်ဆောက်ဖို့အတွက် အနည်းဆုံး မြေဧက ဘယ်လောက်လို၍ အများဆုံး ဘယ်နှဧက လောက်သာ ရှိသင့်ပါသလဲ။ တပ်သည် လိုအပ်သည်လောက်ထက် ပိုသော မြေတွေကို ဘာကြောင့်သိမ်း ကြတာလဲ ထုတ်စရာမေးခွန်း အများပင် ရှိနေသည်။

ထို့ပြင် တပ်ကဦးပိုင် ကုမ္ပဏီထောင်ပြီး စီးပွားရေး လုပ်တာဘာကြောင့်လဲ။ တပ်မတော်သားတွေအတွက် ရထိုက်ရာ အခွင့်အရေးများကို နိုင်ငံတော်၏ ဘတ်ဂျက်ထဲမှ ခွဲဝေစီမံပေးရုံနှင့် မလုံလောက်ဘူးလား။ တပ် မတော်သည် နိုင်ငံတော်၏ ကာကွယ်ရေးကိုသာ အာရုံစိုက်လုပ်ဆောင်သော ပရော်ဖက်ရှင်နယ် တပ်မ တော်မျိုးဖြစ်အောင် လုပ်မှသင့်မည်ဟု စိတ်မကူးကြတော့ဘူးလားဟူ၍ ဆက်စပ်မေးစရာ မေးခွန်းတွေ လည်း ရှိနေသည်။
ယနေ့ သမ္မတဦးသိန်းစိန် ရင်ဆိုင်နေရသော စိန်ခေါ်မှုအများစုသည် နဝတ/ နအဖ လက်ထက်တုန်းက ထင်သလို အာဏာသုံး၍ လုပ်ခဲ့သော မလုပ်သင့်သော လုပ်ရပ်များ၏ အကျိုးဆက်များ ဖြစ်ပေါ်လာသော စိန်ခေါ်မှုများကြောင့် ဖြစ်သည်။ သို့ရာတွင် နဝတ/နအဖ လုပ်သွားသမျှကို မှားမှားမှန်မှန် ဘာမျှပြောခွင့်၊ အရေးယူခွင့်မရှိအောင် အခြေခံဥပဒေပုဒ်မ ၄၄၅ က အကာအကွယ် ပေးထားလေတော့ ဘာ အကာ အကွယ်မှ ကောင်းစွာမရလေသည့် နစ်နာသော ပြည်သူများမှာသာ ဟိုပုဒ်မ၊ ဒီပုဒ်မတို့ဖြင့် အရေးယူခံနေ ကြရလေသည်။

သမ္မတဦးသိန်းစိန်လက်ထက် ဒီမိုကရေစီသည် စစ်အာဏာရှင် လက်ထက်တော့လည်း ကောင်းလာတာ အမှန်ပင် ဖြစ်ပါသည်။ သို့ရာတွင် ထုတ်စရာ မေးခွန်းတွေကတော့ အများကြီး ရှိနေသေးလေသည်။ အချို့ မေးခွန်းများကို သမ္မတကြီးကိုယ်တိုင်လည်း ဖြေနိုင်မည် မထင်ပါ။ နယ်လှည့်ပါးရိုက်သော ဝန်ကြီးကို ဖြုတ် မဖြုတ်လောက်သာ ဖြေနိုင်မည် ထင်သည်။

ဖြေနိုင်တာ မဖြေနိုင်တာ အပထား၍ ပြည်သူများကတော့ မိမိတို့အကျိုးစီးပွား နှင့်ကိုက်ညီမည့် အဖြေမျိုးကို တော့ မျှော်လင့်နေမိကြသည်မှာအမှန်ပင် ဖြစ်ပေသည်။

Mizzima - News in Burmese

0 comments:

Post a Comment