26.2.14

လက်ပံတောင်းတောင်ရှိ သာသနိက အဆောက်အအုံများ ရွှေ့ပြောင်း ရန် နိုင်ငံတော် သံဃမဟာနာယက ဆရာတော်ကြီးများခွင့်ပြု


26-2-2014

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဧရိယာအတွင်း ကျရောက်နေသော စေတီတော်၊ သိမ်ကျောင်းဆောင်၊ ဂန္ဓကုဋိ ကျောင်းဆောင်၊ အုတ်တံတိုင်းနှင့် အဝင်မုခ်ဦး များကို ရွှေ့ပြောင်းရန် နိုင်ငံတော် သံဃမဟာနာယက အဖွဲ့ဝင် ဆရာတော်ကြီးများက ဖေဖော်ဝါရီလ ၂၅ ရက်နေ့ ဆားလင်းကြီးမြို့ ကံစွယ် ကျောင်းတိုက်တွင် ပြုလုပ်ခဲ့သော သြဝါဒ ခံယူပွဲတွင် ခွင့်ပြုခဲ့သည်။

“မြတ်စွာဘုရား ဟောတော်မူတဲ့အတိုင်း ပါဠိတော်ပါ အဋ္ဌကထာ ဋီကာများနဲ့ အညီရွှေ့ရင် စေတီလည်း ရွှေ့ကောင်းပါတယ်။ သိမ်လည်း ရွှေ့ကောင်း ပါတယ်။ ဂန္ဓကုဋိလည်း ရွှေ့ကောင်းတယ်။ နောက်တံတိုင်းနဲ့ မုခ်ဦးလေးမျိုးစလုံး ရွှေ့ကောင်းပါတယ်” ဟု နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ ဗန်းမော် ဆရာတော်ကြီးက မိန့်ကြားသည်။

ရွှေ့ပြောင်းသည့် အခါတွင် အကြောင်းပြချက် နှစ်မျိုးရှိပြီး လက်ရှိ စေတီတော်သည် ဉာဏ်တော် ၂၇ ပေမြင့်ကာ ရွှေ့ပြီး ပြန်တည်ထားသည့် အခါတွင် ၉ တောင်အောက် လျော့မည်ဆိုလျှင် မရွှေ့ကောင်းကြောင်း၊ ယခုရွှေ့ပြီး ပြန်တည်ထားမည့် စေတီတော်သည် ၅၄ ပေ အမြင့်ရှိမည် ဖြစ်၍ မူလစေတီတော် နှစ်ဆခန့် ပိုမြင့်သွားမည် ဖြစ်သည့် အတွက် ရွှေ့ပြောင်းကောင်းကြောင်းနှင့် အသစ်ရွှေ့မည့်နေရာ ကျော်ရွာအနီးတွင် ဖြစ်၍ ကျေးရွာနှင့် ပိုနီးလာပြီး အကျိုးကျေးဇူးများ မြတ်ခဲ့သော် ရွှေ့ပြောင်း၍ သင့်ကြောင်း ဆရာတော်က ဆက်လက် မိန့်ကြားသည်။

လက်ရှိ လက်ပံတောင်း တောင်ကြားတွင်ရှိသော သာသနိက အဆောက်အအုံများအား မူလနေရာနှင့် ကိုက် ၁၅၀၀ ခန့်အကွာ ကျော်ရွာ၏ တောင်ဘက် ပေ ၃၀၀ ခန့်အကွာ ညောင်ပင်ကြီး-ယင်းမာပင် ကားလမ်းအနီး မြေဧက ၁ ဒသမ ၈၄ ဧက ကျယ်ဝန်းသည့် မြေနေရာသို့ ရွှေ့ပြောင်း တည်ဆောက်မည် ဖြစ်ပြီး စေတီတော်၏ အမြင့်ပေမှာ လက်ရှိထက် နှစ်ဆမြင့်ကာ ဉာဏ်တော် ၅၄ ပေမြင့်မည် ဖြစ်သည်။ တည်ဆောက်မည့် မြေနေရာအတွက် အခွန်လွတ် သာသနာ့မြေ ဂရန် ရရှိပြီးဖြစ်ကာ သိမ်ဆောက်လုပ်မည့် မြေဧရိယာဝ ဒသမ ၀၅ ဧကအတွက် ဝိသုံဂါမသိမ် ဂရန်ရရှိပြီး ဖြစ်ကြောင်း အစီရင်ခံစာအပေါ် အကောင်အထည်ဖော် ဆောင်ရွက်မည့် ကော်မတီမှ ထုတ်ပြန်ချက်များအရ သိရသည်။

“ဘယ်တော့စရွှေ့မယ် ဆိုတာတော့ ကျွန်တော်တို့ အချိန်တော့ အတိအကျ မပြောနိုင်သေးဘူး။ ဆရာတော်ကြီးတွေ စီမံမှာပဲ။ ဆရာတော် သံဃာတော်များရဲ့ သြဝါဒကို ခံယူပြီး ဆက်လုပ်သွားမှာပါ” ဟု သာသနိက အဆောက်အအုံများ ရွှေ့ပြောင်းခြင်းနှင့် ပြန်လည် တည်ဆောက်ခြင်းအဖွဲ့ ခေါင်းဆောင် သာသနာရေးဝန်ကြီးဌာန ဒုတိယန်ကြီး ဦးစိုးဝင်းက ပြောကြားသည်။

လက်ပံတောင်းတောင် ကြေးနီ စီမံကိန်း စုံစမ်းစစ်ဆေးရေး ကော်မရှင် အပြီးသတ် အစီရင်ခံစာပါ သုံးသပ် အကြံပြုချက်တွင်လည်း လက်ပံတောင်းတောင်ကြားရှိ သာသနိက အဆောက်အအုံများကို အခြားသင့်လျော်မည့် နေရာတစ်ခုသို့ ရွှေ့ပြောင်းပေးရမည် ဟူသည့်အချက် ပါဝင်ခဲ့သည်။

သြဝါဒ ခံယူပွဲသို့ အပြီးသတ် အစီရင်ခံစာအပေါ် အကောင်အထည်ဖော် ဆောင်ရွက်မည့် ကော်မတီဥက္ကဋ္ဌ သမ္မတရုံး ဝန်ကြီးဌာန (၆) ပြည်ထောင်စုဝန်ကြီး ဦးလှထွန်း၊ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးသာအေးနှင့် မြန်မာ့စီးပွားရေး ဦးပိုင်မှ တာဝန်ရှိသူများ၊ ဝမ်ပေါင် ကုမ္ပဏီမှ တာဝန်ရှိသူများနှင့် ဌာနဆိုင်ရာ အသီးသီးမှ ဝန်ထမ်းများ တက်ရောက် ခဲ့ကြသည်။

ရွှေ့ပြောင်း တည်ဆောက်မည့် သာသနိက အဆောက်အအုံများကို မူလပုံစံအတိုင်း မူလထက် ပိုမိုကောင်းမွန် ခိုင်ခံ့အောင် ရွှေ့ပြောင်း တည်ဆောက်မည်ဖြစ်ကာ ရွှေ့ပြောင်းပြီးပါက မူလအလှူရှင်နှင့် ပြုပြင်မွမ်းမံခဲ့သည့် အလှူရှင်များ၏ အမည်ကိုသာ ကမ္ပည်း ရေးထိုးပေးမည် ဖြစ်ပြီး မူလနေရာရှိ သာသနိက အဆောက်အအုံများ၏ နေရာမှန်ကို ကျောက်စာတွင် ရေးထွင်း၍ ကမ္ပည်းမော်ကွန်း ထားရှိမည် ဖြစ်ကြောင်း ယင်းသြဝါဒ ခံယူပွဲတွင် ပြောဆိုချက်များရ သိရှိရသည်။

The Voice Weekly

0 comments:

Post a Comment