1.4.13

ဆူပူမှုတရားခံ ၆၈ ဦး ဖမ်းမိထား

မြန်မာနိုင်ငံရှိ နေရာအချို့တွင် ဖြစ်ပွားခဲ့သော ဆူပူမှုများနှင့် ပတ်သက်၍ ပြစ်မှု ကျူးလွန်သူ တရားခံ ၆၈ ဦးအား ဖမ်းဆီး ရမိထားပြီ ဖြစ်ကြောင်း ပြည်ထဲရေး ၀န်ကြီးဌာနက သတင်း ထုတ်ပြန်ချက် အမှတ် (၁/၂၀၁၃)ဖြင့် ကြေညာချက် တစ်ရပ်အား ယနေ့ ထုတ်ပြန် ခဲ့သည်။ လက်ရှိ အချိန်တွင် နယ်မြေဒေသ တည်ငြိမ် အေးချမ်းရေး အတွက် မြို့နယ် ၁၅ မြို့နယ်၌ ပြစ်မှုဆိုင်ရာ ကျင့်ထုံး ဥပဒေ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားပြီး အဆိုပါ မြို့နယ် များတွင် အကြမ်းဖက်မှု ၁၆၃ ကြိမ် ဖြစ်ပွား ခဲ့ကာ
သေဆုံးသူ ၄၃ ဦး၊ ဒဏ်ရာရရှိသူ ၈၆ ဦးရှိ၍ လူဦးရေ ၁၁,၃၇၆ ဦး အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ကြောင်း သတင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။ ဖမ်းဆီး ရမိခဲ့သော ပြစ်မှုကျူး လွန်သူများ ပြုလုပ်ခဲ့သည့် ပြစ်မှုများမှာ လူသတ်မှု၊ လုယက်မှု၊ မီးဖြင့် အကျိုးဖျက်ဆီးမှု၊ နိုင်ငံတော် ငြိမ်ဝပ်ရေးကို ဆန့်ကျင်သည့် ပြစ်မှု ဖြစ်စေရန် လှုံ့ဆော်မှု၊ ကောလာဟလ ဖြန့်ချိမှု အစရှိသည့် အမှုများ အပါအ၀င် ပြစ်မှု ၁၇ မျိုးရှိသည်။

ထို့အပြင် တည်ဆဲ ဥပဒေ များအရ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ အနေဖြင့် ငါးယောက်ထက် ပိုသော လူစုလူဝေးကို အင်အားသုံး၍ လူစုခွဲနိုင်ပြီး ထိုသို့ အင်အားသုံး ဖြေရှင်းရသည့် ကိစ္စမျိုး ပေါ်ပေါက်ခဲ့ပါက ပြည်သူလူထု အနေဖြင့် ပါဝင်ကူညီ ဆောင်ရွက်ကြရန် အလေးအနက် တိုက်တွန်း ပန်ကြားပါကြောင်း ဖော်ပြပါရှိသည်။ ပြည်ထဲရေး ၀န်ကြီးဌာန အနေဖြင့် ဆူပူအကြမ်းဖက်မှု များတွင် ပါဝင်ပတ်သက်ကြောင်း ပြစ်မှုထင်ရှား သူများကို တည်ဆဲ ဥပဒေများနှင့် အညီ ထိထိရောက်ရောက် အရေးယူ သွားမည်ဖြစ်ပြီး အဆိုပါ ဖြစ်ရပ်များ ထပ်မံဖြစ်ပေါ်ခြင်း မရှိစေရန် ဥပဒေနှင့် အညီ ထိရောက်စွာ ကာကွယ်တားဆီး သွားမည်ဖြစ်ကြောင်း ထုတ်ပြန် ကြေညာသည်။

0 comments:

Post a Comment