1.4.13

မိုက်ကယ်လန်းအဖွဲ့ ရန်ကုန်သို့ ရောက်ရှိ

Michael Learns to Rock (MLTR) ဂီတ အဖွဲ့သည် မြန်မာ နိုင်ငံတွင် ပထမဆုံး အကြိမ် ဖျော်ဖြေမည့် ၄င်းတို့၏ ဖျော်ဖြေပွဲ အတွက် ရန်ကုန်မြို့သို့ မတ်လ ၂၉ ရက် နံနက် ၇ နာရီ ၅ မိနစ်က ကာတာ လေကြောင်း လိုင်းဖြင့် ရောက်ရှိ လာသည်။ MLTR အဖွဲ့တွင် အဖွဲ့၏ အဓိက ဦးဆောင် သီဆိုသူ အဆိုတော် Jascha Richter နှင့်အတူ ၄င်း၏ ဇနီး၊ သားနှင့် သမီးတို့ပါ မိသားစုလိုက် မြန်မာနိုင်ငံ ၏ ဖျော်ဖြေရေး ခရီးစဉ်ကို လိုက်ပါ လာသည်ကို တွေ့ရသည်။ မိုက်ကယ်လန်း အဖွဲ့သုံးဦး နှင့်အတူ စက်အဖွဲ့သားများ အပါအ၀င် အဖွဲ့သား ၁၄ ဦး လိုက်ပါလာပြီး ယနေ့ နံနက် ၈ နာရီတွင် ၄င်းတို့ ခေတ္တ တည်းခိုမည့်
ရန်ကုန်မြို့၊ ဆီဒိုးနား ဟိုတယ်သို့ ထွက်ခွာ သွားကြောင်း သတင်း ရရှိသည်။ မိုက်ကယ်လန်း အဖွဲ့၏ ဖျော်ဖြေပွဲကို ရန်ကုန်မြို့၊ ပြည်သူ့ ရင်ပြင်တွင် မတ်လ ၃၁ ရက် ညနေ၌ ကျင်းပမည် ဖြစ်ပြီး ယနေ့ ညနေ ၄ နာရီခွဲတွင် ဆီဒိုးနား ဟိုတယ်၌ ပြည်တွင်း မီဒီယာများနှင့် တွေ့ဆုံသွားမည် ဖြစ်ကြောင်း Friendship Entertainment က ပြောသည်။ မိုက်ကယ်လန်း ရော့ခ်ဂီတ အဖွဲ့၏ တေးသီချင်း များစွာမှာ မြန်မာ ပရိသတ် များနှင့် ရင်းနှီးပြီး ဖြစ်ပြီး ၄င်းတို့၏ နိုင်ငံ တကာ ဂီတ ဖျော်ဖြေ ပွဲများမှာ အာရှနိုင်ငံ တော်တော် များများတွင် ပြုလုပ်ခဲ့ပြီး ဖြစ်သည်။ မြန်မာ နိုင်ငံတွင် ဖျော်ဖြေရန် ယခင်က ကြိုးစား စီစဉ် ခဲ့သော်လည်း နိုင်ငံရေး အခြေအနေ များကြောင့် ပြုလုပ်နိုင်ခြင်း မရှိခဲ့ရာမှ ၂၀၁၃ ခုနှစ် မတ်လ ၃၁ ရက်တွင် ပထမဆုံး မြန်မာနိုင်ငံ ဖျော်ဖြေပွဲကို ပြုလုပ်နိုင်ပြီ ဖြစ်ကြောင်း သိရသည်။

0 comments:

Post a Comment