18.9.13

စက်မှုဝန်ကြီးဌာနပိုင် ၀င်းသူဇာ အရောင်းဆိုင်များ ပုဂ္ဂလိကသို့ လွှဲပြောင်းနိုင်ရန် ပဏာမ တင်ဒါအောင်မြင်သူများစာရင်း ထုတ်ပြန်

စက်မှုဝန်ကြီးဌာနပိုင် ၀င်းသူဇာ အရောင်းဆိုင်များအား ပုဂ္ဂလိကသို့ လွှဲပြောင်းနိုင်ရန်အတွက် ပဏာမ တင်ဒါအောင်မြင်သူများ စာရင်းကို စက်တင်ဘာ ၁၇ ရက်က တင်ဒါတင်သွင်းသူများရှေ့တွင် ကြေညာခဲ့ကြောင်း သိရသည်။


ဝင်းသူဇာ အရောင်းဆိုင် ၃၈ ဆိုင်အား တင်ဒါစနစ်ဖြင့် စတင်လွှဲပြောင်းနိုင်ရန် စီစဉ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

"၀င်းသူဇာ ဆိုင်အရေအတွက်ကတော့ ၇၈ ဆိုင် ရှိတယ်။ အခု ၃၈ ဆိုင် လွှဲမယ်။ နောက်ပိုင်းကို ၁၃ ဆိုင် ထပ်လွှဲမယ်။ ၀င်းသူဇာဆိုင်တွေ လွှဲတာက ရှုံးလို့ရယ်လို့တော့ မဟုတ်ပါဘူး။ ရှုံးတာလည်း ရှိတယ်။ မြတ်တာလည်း ရှိတယ်။ ပုဂ္ဂလိကပိုင်အဖြစ် ပြုလုပ်နိုင်ဖို့ တင်ဒါခေါ်ပြီး လွှဲပြောင်းဖို့ လုပ်နေတာပါ" ဟု ညွှန်ကြားရေးမှူး ဦးသိန်းဆွေက ပြောကြားခဲ့သည်။

ဝင်းသူဇာ ဆိုင်များအား တင်ဒါတင်သွင်းရာတွင် မြစ်ကြီးနားမြို့ရှိ ၀င်းသူဇာဆိုင်အား တစ်လကျပ်သိန်း ၁၆၀ ဖြင့် တင်သွင်းမှုမှာ ပွဲတက်ရောက်သူများ အံ့သြမှုများ ရှိခဲ့ပြီး ရန်ကုန်မြို့ထက်ပင် ဈေးရခဲ့ကြောင်း ပွဲတက်ရောက်သူ တစ်ဦးက ပြောပြခဲ့သည်။

တင်ဒါပဏာမ အောင်မြင်သူများ လုပ်ကိုင်မည့် လုပ်ငန်းများတွင် စတိုးဆိုင်၊ City Mart ကုန်မျိုးစုံ အရောင်းဆိုင်၊ စက်သုံးဆီနှင့် ကုန်ပစ္စည်း အရောင်းဆိုင်၊ Mini Mart၊ Super Market၊ Show Room၊ Bank၊ ကျောက်မျက်လုပ်ငန်း၊ လျှပ်စစ်ပစ္စည်းဆိုင်၊ ကုန်စုံဆိုင်၊ ဖုန်းအပိုပစ္စည်းဆိုင်၊ ဆောက်လုပ်ရေး၊ အထည်ဆိုင်နှင့် တည်းခိုခန်းလုပ်ငန်း စသည်ဖြင့် ဖော်ပြထားသည်ကို တွေ့ရသည်။

နေပြည်တော် ၀င်းသူဇာကုန်တိုက် တင်ဒါတွင် ဒေါ်သက်သက်နုအောင်က ကျပ် ၅၃၀၀၀၀ ဖြင့် အများဆုံး ပေးခဲ့ပြီး ဦးရွှေကျော်သာ၏ တင်ဒါအား တင်ဒါပုံးမှားပြီး ထည့်မိ၍ ပြန်ထည့်ရန် ပြင်ဆင်သော်လည်း ပဏာမ အောင်မြင်ထားသူက ကန့်ကွက်ခဲ့သည့်အတွက် ပြန်လည်ပယ်ဖျက် ပေးခဲ့သည်။

မရမ်းကုန်း ၀င်းသူဇာဆိုင်အား ဦးနေရွှေသွေးအောင်က Super Market ဖွင့်လှစ်ရန်အတွက် ရည်ရွယ်ပြီး တစ်လလျှင် ကျပ် ၅,၅၀၀,၀၀၀ ဖြင့် အများဆုံး ပေးခဲ့သည့်အတွက် တင်ဒါပဏာမ အောင်မြင်ခဲ့ကြောင်း သိရသည်။

ဝင်းသူဇာ ၃၈ အား တင်ဒါဆွဲရာတွင် အချို့လုပ်ငန်းရှင်များသည် နေရာအတော်များများတွင် ၀င်ရောက်ယှဉ်ပြိုင် တင်ဒါဆွဲခဲ့သည်ကို တွေ့ရသည်။

"တင်ဒါပဏာမ အောင်တဲ့သူတွေကို အောင်မြင်ကြောင်း ချထားပေးဖို့ အစည်းအဝေး ထိုင်ဦးမှာပါ။ အဲဒါပြီးမှ လုပ်ကိုင်ခွင့် ချပေးမှာပါ။ သက်တမ်းကတော့ ၁၀ နှစ်အထိ ပေးထားပါတယ်။ တစ်နှစ်ချင်းတော့ စာချုပ်ရမှာပါ။ ပြင်ဆင်မှုတွေကိုလည်း ကျွန်တော်တို့ ၀န်ကြီးဌာနနဲ့ ညှိနှိုင်းပြီး လုပ်ရမှာပါ" ဟု ညွှန်ကြားရေးမှူး ဦးသိန်းဆွေက ပြောကြားခဲ့သည်။

eleven media group

0 comments:

Post a Comment