18.9.13

မြန်မာ - ဂျပန် အမျိုးသမီးအုပ်စု ပထမ နေရာလုပွဲ မှစ၍ ကွင်းဝင်ကြေး ထက်ဝက် လျှော့ပေးမည်

၂ဝ၁၃ခုနှစ် အာဆီယံ အမျိုးသမီး ချန်ပီယံရှစ် ပြိုင်ပွဲ အုပ်စု(ခ) နောက်ဆုံးပွဲစဉ် အဖြစ် အိမ်ရှင် မြန်မာ အမျိုးသမီး အသင်းနှင့် ဂျပန် ယူ-၂၃ အမျိုးသမီး အသင်းတို့သည် စက်တင်ဘာ ၁၈ ရက် ညနေ ၄နာရီတွင် သုဝဏ္ဏကွင်း၌ ယှဉ်ပြိုင် ကစား ကြမည်ဖြစ်သည်။


အဆိုပါ ပွဲစဉ်သည် မြန်မာနှင့် ဂျပန် နှစ်သင်းစလုံး အတွက် အုပ်စု ပထမနေရာ ရရှိရန် ပြိုင်ဆိုင်ရမည့် ပွဲဖြစ်ပြီး မြန်မာအသင်း အနေဖြင့် မိမိပရိသတ် ရှေ့မှောက် အောင်ပွဲခံနိုင်ရန် ကြိုးစား ယှဉ်ပြိုင် သွားမည် ဖြစ်ကြောင်း သိရသည်။

မြန်မာ့ လက်ရွေးစင် အမျိုးသမီး အသင်းအား ပရိသတ်များ အဆင်ပြေချောမွေ့စွာ ကြည့်ရှု အားပေးနိုင် ရေးနှင့် ပရိသတ် ဝင်ရောက် အားပေးမှု ပိုမို ရရှိရေးအတွက် မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်မှ ကွင်းဝင်ကြေး နှုန်းထားများ ထက်ဝက် လျှော့ချ ပေးသွား မည် ဖြစ်ကြောင်း သိရသည်။

မူလက အာဆီယံ အမျိုးသမီး ချန်ပီယံရှစ် ပွဲစဉ်များအား ကွင်းဝင်ကြေး အထူးတန်း ၂ဝဝဝကျပ်နှင့် ရိုးရိုးတန်း ၁ဝဝဝ ကျပ် သတ်မှတ်ထားရာ ဈေးနှုန်း ထက်ဝက်လျှော့ ချပေးမှုကြောင့် ပရိသတ်များ အနေဖြင့် ရိုးရိုးတန်း ၅ဝဝ ကျပ်နှင့် အထူးတန်း ၁ဝဝဝ ကျပ်နှုန်းဖြင့်သာ စက်တင်ဘာ ၁၈ရက်တွင် မြန်မာနှင့် ဂျပန်ပွဲစဉ်မှ စတင်၍ ဝင်ရောက် အားပေး ကြည့်ရှု နိုင်မည် ဖြစ်သည်။

မြန်မာ့ လက်ရွေးစင် အမျိုးသမီးအသင်းသည် ပြီးခဲ့သည့် ၂ဝ၁၁ ခုနှစ် အာဆီယံ ချန်ပီယံရှစ် (အိမ်ရှင် လာအို) ပြိုင်ပွဲနောက်ဆုံး ဗိုလ်လုပွဲတွင် ထိုင်းအသင်းကို ၁ဂိုး- ၂ဂိုးဖြင့် အရေးနိမ့် ခဲ့သလို ၂ဝ၁၂ခုနှစ် အာဆီယံ ချန်ပီယံရှစ် (အိမ်ရှင် ဗီယက်နမ်) တွင်လည်း ဗီယက်နမ်အသင်းကို နောက်ဆုံး ဗိုလ်လုပွဲတွင် ပယ်နယ်တီ အဆုံးအဖြတ်ဖြင့် အရေး နိမ့်ခဲ့ရပြီး နှစ်နှစ်ဆက်တိုက် ဒုတိယ ငွေတံဆိပ်ဆု ဖြင့်သာ ကျေနပ်ခဲ့ရသည်။ ယခုနှစ် ပြိုင်ပွဲသည် ဆီးဂိမ်းအတွက် ကြိုတင်ပြင်ဆင်မှု တစ်ရပ်သဖွယ် ဖြစ်ပြီး ဆီးဂိမ်းအကြို ချန်ပီယံဆု ဖလား တစ်ခုရရှိရန် မြန်မာ အမျိုးသမီး အသင်း ကြိုးပမ်းသွားမည် ဖြစ်ကြောင်း သိရသည်။

မြ၀တီ

0 comments:

Post a Comment