18.9.13

ယူနိုက်တက် ခြေလှမ်းမှား၍ မရနိုင်ဟု လေဗာကူဆင်မန်နေဂျာ သတိပေး

ဖင်လန်လက်ရွေးစင် ခံစစ်မှူးဟောင်း ဟစ်ပီယာသည် လီဗာပူးလ် ကစားသမား ဘဝတွင် အဲဗာတန်၊ ယူနိုက်တက် အသင်းများနှင့် ခါးသီးသော အားပြိုင်မှုများအတွင်း ပါဝင်ဖြတ်သန်းခဲ့သူ ဖြစ်သည်။


ဘေယာ လေဗာကူဆင် အသင်းမန်နေဂျာ ဆမ်မီဟစ်ပီယာက မန်ချက်စတာ ယူနိုက်တက် အနေဖြင့် ချန်ပီယံလိဂ် ပြိုင်ပွဲတွင် စောစီးစွာ ထွက်ခွာရမှုမျိုး ထပ်ကြုံခွင့် ရှိမည် မဟုတ်ကြောင်း သတိပေး ပြောကြားလိုက်သည်။ ဖင်လန်လက်ရွေးစင် ခံစစ်မှူးဟောင်း ဟစ်ပီယာသည် လီဗာပူးလ် ကစားသမား ဘဝတွင် အဲဗာတန်၊ ယူနိုက်တက် အသင်းများနှင့် ခါးသီးသော အားပြိုင်မှုများအတွင်း ပါဝင်ဖြတ်သန်းခဲ့သူ ဖြစ်သည်။ ထိုစဉ်က အဲဗာတန် မန်နေဂျာ ဒေးဗစ်မိုယက်စ်သည် ယခုအခါ ယူနိုက်တက်တွင် မန်နေဂျာ တာဝန်ကို ရယူထားပြီး ချန်ပီယံလိဂ် ပွဲဦးထွက် ကိုင်တွင်မှုအဖြစ် လေဗာကူဆင်ကို အိုးလ်ထရက်ဖို့ဒ်တွင် လက်ခံယှဉ်ပြိုင်မည် ဖြစ်သည်။

လွန်ခဲ့သော (၂)နှစ်က ယူနိုက်တက်သည် မန်နေဂျာ ဆာအဲလက်စ် ဖာဂူဆန် လက်အောက်၌ ချန်ပီယံလိဂ် ရှုံးထွက်အဆင့်မှ ထွက်ခွာခဲ့ရဖူးပြီး မိုယက်စ်အနေဖြင့် ယင်းကဲ့သို့ မကြုံရန် ဖိအားများစွာ ဝင်နေလိမ့်မည်ဟု သုံးသပ်ခဲ့သည်။ ဟစ်ပီယာက "ခုချိန်မှာ မိုယက်စ်ဟာ အတွေ့အကြုံပိုင်း ပိုရင့်ကျက် ပြည့်စုံလာလောက်ပါပြီ။ နောက်ပြီး သူဟာ ထိပ်တန်း ကလပ်အသင်းကြီး တစ်ခုရဲ့ မန်နေဂျာ တာဝန်ကိုလည်း ယူထားပြီ။ ချန်ပီယံလိဂ် ပွဲဦးထွက် အတွေ့အကြုံကိုလည်း အိမ်ကွင်းမှာ ဖြတ်သန်းရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ အရင်တစ်နှစ်ကလိုမျိုး သူတို့ ကြုံလို့မရတော့ပါဘူး။ ကျွန်တော်ကတော့ ယူနိုက်တက်နဲ့ ကစားမယ့်ပွဲအတွက် စိတ်အေးအေးပါပဲ။ အဓိက အကျဆုံးက ကျွန်တော့် အသင်းသားတွေပါ။ ကျွန်တော်တို့ဟာ ယူနိုက်တက်ကို တလေးတစား ယှဉ်ပြိုင်ရပါမယ်။ ဒါပေမဲ့ အရမ်းကြီး ပိုတွက်ထားပြီး ရှိန်နေစရာလည်း မလိုပါဘူး"ဟု ဆိုသည်။ ၎င်းက "လေဗာကူဆင် အနေနဲ့ ကိုယ့်ဗျူဟာအတိုင်း ရဲရဲဝံ့ဝံ့ ကစားနေဖို့ပဲ လိုပါတယ်။ ကျွန်တော်တို့ အနေနဲ့ အိုးလ်ထရက်ဖို့ဒ်မှာ ရလဒ်ကောင်းဖို့ အခွင့်အလမ်းတချို့ ရှိနေဆဲပါ။ ကျွန်တော့် အနေနဲ့ အကြောက်အလန့်မရှိ ကစားနိုင်တဲ့ အင်အားစု တစ်ရပ်ကို ပိုင်ဆိုင်ပြီး ယူနိုက်တက်ကို ယှဉ်ပြိုင်နိုင်ဖို့ မျှော်လင့်ထားပါတယ်"ဟု ပြောကြားသွားသည်။

Planet Myanmar Network

0 comments:

Post a Comment