18.9.13

တောင်ကြီးမှာ ကျင်းပမယ့် တိုင်းရင်းသားဆွေးနွေးပွဲ ပြည်နယ်အစိုးရ ခွင့်ပြု

ရှမ်း၊ ကယားနဲ့ မွန်ပြည်နယ်က တိုင်းရင်းသားပါတီတွေနဲ့ လက်နက်ကိုင်
အင်အားစုတွေ ပါဝင်ဆွေးနွေးကြမယ့် "ယုံကြည်မှုဖြင့် ငြိမ်းချမ်းရေး
တည်ဆောက်ခြင်း" ဆွေးနွေးပွဲကို ရှမ်းပြည်နယ်အစိုးရက ကျင်းပခွင့်ပြု
လိုက်ပြီလို့ သိရပါတယ်။



ဒီဆွေးနွေးပွဲဟာ တိုင်းရင်းသားအဖွဲ့တွေကြားထဲ ယုံကြည်မှုရရှိရေးအတွက် အဓိကထားကျင်းပတာဖြစ်တယ်လို့ ဆွေးနွေးပွဲဖြစ်ဖို့ စီစဉ်နေတဲ့ ရှမ်းတိုင်း
ရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီ အတွင်းရေးမှူး ဦးစိုင်းညွန့်လွင်
က ပြောပါတယ်။

“ဆွေးနွေးပွဲမှာ တစ်ဖွဲ့နဲ့တစ်ဖွဲ့ သဘောထားတွေပြောကြမယ်၊ အဖွဲ့အစည်းတွေရဲ့ သဘောထားတွေလည်း သိသွားနိုင်ပါတယ်၊ တစ်ယောက်နဲ့တစ်ယောက် မတွေ့ဘူးတဲ့အဖွဲ့တွေ၊ မသိသေးတဲ့သူတွေ အနည်းဆုံးတော့ သူတို့သိသွားကြမယ်၊ ကျနော်တို့က ဆုံးဖြတ်ချက်က အဓိကမဟုတ်ဘူး၊ တစ်ယောက်နဲ့ တစ်ယောက် ယုံကြည်မှုတည်ဆောက်
တာကို အဓိကထားတာပေါ့၊ ယုံကြည်မှပဲ ငြိမ်းချမ်းရေးတည်ဆောက်တဲ့
အခါမှာ အဆင်ပြေမှာပါ၊ ဖိတ်ထားတာတော့ အများကြီးပဲ၊ တက်မည့်လူ
ကိုတော့ မပြောနိုင်ဘူး၊ UNFC ကတော့ မတက်နိုင်တဲ့အကြောင်း
ပြန်တယ်လေ”

ဆွေးနွေးပွဲမှာ ဝပြည်သွေးစည်းညီညွှတ်ရေးပါတီ UWSA ၊ ရှမ်းပြည်တပ်မတော် မြောက်ပိုင်း SSPP/SSA၊ ရှမ်းပြည်တပ်မတော် တောင်ပိုင်း RCSS/SSA တို့ အပါအဝင် ရှမ်းပြည်နယ်အတွင်းမှ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေက တာဝန်ရှိသူတွေ၊ ရှမ်း၊ ကယားနဲ့ မွန်ပြည်နယ်အတွင်းက တိုင်းရင်းသား နိုင်ငံရေးပါတီတွေနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ တက်ရောက်ကြမှာ ဖြစ်ပါတယ်။

ဆွေးနွေးပွဲကို စက်တင်ဘာလ ၂၁ ရက်နေ့ကနေ ၂၃ ရက်နေ့အထိ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ ရှမ်းစာပေနဲ့ ယဉ်ကျေးမှုအသင်းမှာ
ပြုလုပ်မှာဖြစ်ပြီး ပြည်ထောင်စုငြိမ်းချမ်းရေး လုပ်ငန်းကော်မတီ၊ ရှမ်း၊ ကယား၊ မွန်ပြည်နယ် ဝန်ကြီးချုပ်တွေနဲ့ လွှတ်တော်ဥက္ကဌတွေကိုပါ ဖိတ်ကြားတယ်လို့ သိရပါတယ်။

RFA Burmese

0 comments:

Post a Comment