18.9.13

အစ္စလာမ်မစ်ခေါင်းဆောင်ကို ဘင်္ဂလားဒေ့ရှ်တရားရုံးချုပ် သေဒဏ်ချမှတ်

ဘင်္ဂလားဒေ့ရှ်၏ အထင်ကရ အစ္စလာမ်မစ် ပါတီအကြီးအကဲ တစ်ဦးဖြစ်သော အက်ဘ်ဒူလ်ကာဒါ မူလာအနေဖြင့် (၁၉၇၁)ခုနှစ်က ပါကစ္စတန်ထံမှ ခွဲထွက်သော လွတ်လပ်ရေး တိုက်ပွဲအတွင်း လူမဆန်သော စစ်ရာဇဝတ်မှုများ ကျုးလွန်ခဲ့ကြောင်း တရားရုံးက ဆုံးဖြတ်ခဲ့

နိုင်ငံအတွင်း ဩဇာကြီးမားသော အစ္စလာမ်မစ် ဘာသာရေး ခေါင်းဆောင် တစ်ဦးကို ဘင်္ဂလားဒေ့ရှ် ဗဟိုတရားရုံးက စစ်ရာဇဝတ်မှု စွဲချက်များအတွက် သေဒဏ် ချမှတ်လိုက်ကြောင်း သိရသည်။

ဘင်္ဂလားဒေ့ရှ်၏ အထင်ကရ အစ္စလာမ်မစ် ပါတီအကြီးအကဲ တစ်ဦးဖြစ်သော အက်ဘ်ဒူလ်ကာဒါ မူလာအနေဖြင့် (၁၉၇၁)ခုနှစ်က ပါကစ္စတန်ထံမှ ခွဲထွက်သော လွတ်လပ်ရေး တိုက်ပွဲအတွင်း လူမဆန်သော စစ်ရာဇဝတ်မှုများ ကျုးလွန်ခဲ့ကြောင်း တရားရုံးက ဆုံးဖြတ်ခဲ့သည်။

ဂျာမတ်အီ အစ္စလာမ်မီ ပါတီ၏ အကြီးအကဲဖြစ်သူ အက်ဘ်ဒူလ်ကမူ အဆိုပါ စွပ်စွဲချက်များအတွက် အပြစ်မရှိဟု ငြင်းဆန်နေဆဲ ဖြစ်သည်။ ၎င်းသည် ဖေဖော်ဝါရီလက ထောင်ဒဏ်တစ်သက် ပြစ်ဒဏ်ကို ချမှတ်ခံရသော်လည်း တရားရုံးချုပ်၌ အယူခံဝင်သည့်အခါ ပြန်လည်စီစစ်ပြီးနောက် ပြစ်ဒဏ်ကို တိုးမြှင့်ခဲ့ခြင်း ဖြစ်သည်။ ဖေဖော်ဝါရီလ ထောင်ဒဏ်တစ်သက် စီရင်ချက်တွင် ၎င်းကို ထောက်ခံသူများက ဆန္ဒပြခဲ့ပြီး ပဋိပက္ခ အခြေအနေအချို့ ဖြစ်ပေါ်ခဲ့ဖူးသည်။ အသက်(၆၅)နှစ်ရှိ အက်ဘ်ဒူလ်သည် ဂျာမတ်အီ အစ္စလာမ်မီ ပါတီတွင် လက်ထောက် အထွေထွေ အတွင်းရေးမှူး တာဝန်ကို ရယူထားသူ ဖြစ်သည်။

၎င်းသည် လူသတ်မှု အပါအဝင် စစ်ရာဇဝတ်မှုဆိုင်ရာ စွဲချက် (၆)ခုအတွက် အပြစ်ရှိကြောင်း ယခုနှစ် အစောပိုင်းဆုံး တရားရုံး ဆုံးဖြတ်ချက်ကို ခံယူခဲ့ရသည်။ အစိုးရ ရှေ့နေ ဇိတ်ဒ်အယ်လ်မယ်လ်အမ်းက အက်ဘ်ဒူလ်၏ ပြစ်ဒဏ်ကို တရားရုံးက တိုးမြှင့်ခဲ့ကြောင်း AFPသို့ အတည်ပြု ပြောကြားခဲ့သည်။ တရားခံရှေ့နေ တာဂျူလ်အစ္စလာမ်က စီရင်ချက် ချမှတ်ချိန်တွင် မိမိအနေဖြင့် အံ့ဩတုန်လှုပ်ခဲ့ရကြောင်း ဖွင့်ဟခဲ့သည်။ "ဒါဟာ အာရှတောင်ပိုင်း တရားစီရင်ရေး စနစ်မှာ ပထမဆုံးအကြိမ် တရားရုံးချုပ်က အယူခံပြစ်ဒဏ်ကို တိုးမြှင့်မှုလည်း ဖြစ်ပါတယ်"ဟု ၎င်းက ဖွင့်ဟသွားသည်။

Planet Myanmar Network

0 comments:

Post a Comment