18.9.13

တရားရုံးများ၌ အစိုးရ၀န်ထမ်း မဟုတ်သော သက်သေလာရောက် ထွက်ဆို သူ တစ်နေ့ရရှိသည့် သက်သေခံ စရိတ်အား ကျပ် ၁၁၀၀ မှ ၁၇၀၀ သို့ တိုးမြှင့်

တရားရုံးများ၌ အစိုးရ၀န်ထမ်း မဟုတ်သော သက်သေလာရောက် ထွက်ဆိုသူ တစ်နေ့ရရှိသည့် သက်သေခံစရိတ်အား ကျပ် ၁၁၀၀ မှ ၁၇၀၀ သို့ တိုးမြှင့်ခဲ့ကြောင်း စက်တင်ဘာ ၁၆ ရက်က ပြုလုပ်သည့် ပထမအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဆဋ္ဌမပုံမှန် အစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဦးဝင်းဆွေ၏ ပြောကြားချက်အရ သိရသည်။


သာကေတမြို့နယ် မဲဆန္ဒနယ် အမှတ် (၂)မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဝင်းနိုင်၏ "ရန်ကုန်တိုင်းဒေသကြီး တရားရုံးများတွင် သက်သေထွက်ဆိုရာ၌ သက်ဆိုင်ရာ တရားရုံးများမှ သက်သေခရီးစရိတ်ကို ခေတ်ကာလနှင့်အညီ တိုးမြှင့်ထုတ်ပေးရန် အစီအစဉ် ရှိ၊ မရှိနှင့် တစ်ဦးလျှင် သက်သေခရီးစရိတ် မည်သည့်နှုန်း ထုတ်ပေးမည်၊ မည်သည့်ဌာနတွင် ထုတ်ယူရမည်ကို သိရှိလိုကြောင်း" မေးမြန်းမှုအပေါ် ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဦးဝင်းဆွေက ဖြေကြားရာတွင် ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ခရီးစရိတ်ကို ပြည်ထောင်စု အစိုးရအဖွဲ့၏ ၂၀၁၃ ခုနှစ် စက်တင်ဘာ ၅ ရက်နှင့် ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရုံး၏ ၂၀၁၃ ခုနှစ် စက်တင်ဘာ ၁၀ ရက်က ထုတ်ပြန်ခဲ့မှုများအရ သက်သေလာရောက် ထွက်ဆိုသူများ၏ တစ်နေ့အတွက် သက်သေစရိတ်ကို ငွေကျပ် ၁၇၀၀ သို့ တိုးမြှင့်ခွင့်ပြုပေးခြင်း ဖြစ်ကြောင်းနှင့် တရားရုံးသို့ လာရောက်ရသည့် အမှန်တကယ် ကုန်ကျသည့် ခရီးစရိတ်ကိုလည်း ထုတ်ယူခွင့်ပြုထားကြောင်း ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဦးဝင်းဆွေက ပြောကြားသည်။

"တရားရုံးသို့ သက်သေခံ လာရောက်သည့် အစိုးရ၀န်ထမ်း မဟုတ်သော သက်သေ၊ လိုပြသက်သေ၊ တရားခံပြ သက်သေတစ်ဦးအတွက် အထက်ဖော်ပြပါ နှုန်းထားအတိုင်း တစ်နေ့အတွက် သက်သေစရိတ်များခွင့် ပြုပေးသည့်အပြင် မြန်မာနိုင်ငံ ခရီးစရိတ် လက်စွဲပါ ပြဋ္ဌာန်းချက်များအရ တရားရုံးသို့ လာရောက်ရ၍ အမှန်တကယ် ကုန်ကျသည့် ခရီးစရိတ်ငွေများကို ထုတ်ယူခွင့်ပြုပြီး ဖြစ်ပါတယ်။ တရားရုံးသို့ လာရောက်သည့် အစိုးရ မဟုတ်သော သက်သေတစ်ဦး ရရန်ရှိသည့် သက်သေစရိတ်နှင့် ခရီးစရိတ်တို့ကို ယင်းနေ့တွင် မှုခင်းကိစ္စ ဆောင်ရွက်ပြီးစီးပါက သက်ဆိုင်ရာ တရားရုံးရှိ ဘီလစ်ထံ၌ ထုတ်ယူရန် ဖြစ်ပါတယ်" ဟု ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဦးဝင်းဆွေက ပြောကြားသည်။

တရားရုံးများ၌ လက်ခံဆောင်ရွက်လျက်ရှိသော ပြစ်မှုဆိုင်ရာ မှုခင်းများ၌ သက်သေများအား တရားရုံးလက်စွဲ အပိုဒ် ၆၃၂ ပါ တရားလိုနှင့် သက်သေများအား စရိတ်ပေးခြင်းဆိုင်ရာ နည်းဥပဒေ ၃ အရ ၁၉၆၆ ခုနှစ် အောက်တိုဘာ ၁ ရက်မှစ၍ စရိတ်ငွေကျပ် သုံးကျပ် ၁၅ ပြားကို စတင်ခွင့်ပြုပြီး ၁၉၇၆ ခုနှစ် ဇွန် ၆ ရက်မှစ၍ တစ်နေ့အတွက် သက်သေစရိတ်ကို သုံးကျပ် ၈၅ ပြားသို့ လည်းကောင်း၊ ၁၉၈၀ ပြည့်နှစ် စက်တင်ဘာ ၂၆ ရက်မှစ၍ သက်သေစရိတ်ကို ငါးကျပ် ပြား ၄၀ အထိ လည်းကောင်း၊ ၁၉၈၄ ခုနှစ် စက်တင်ဘာ ၂၁ ရက်မှစ၍ သက်သေစရိတ်ကို ခြောက်ကျပ် ပြား ၅၀ သို့ လည်းကောင်း၊ ၁၉၈၈ ခုနှစ် နိုဝင်ဘာ ၄ ရက်မှစ၍ သက်သေစရိတ်ကို ရှစ်ကျပ် ပြား ၅၀ သို့ လည်းကောင်း၊ ၁၉၈၉ ခုနှစ် ဧပြီ ၄ ရက်မှစ၍ သက်သေစရိတ်ကို ၁၅ ကျပ်သို့ လည်းကောင်း၊ ၂၀၁၂ ခုနှစ် စက်တင်ဘာ ၁ ရက်မှစ၍ သက်သေစရိတ်ကို ကျပ် ၁၁၀၀ သို့ လည်းကောင်း အဆင့်ဆင့် တိုးမြှင့်ခဲ့ခြင်း ဖြစ်သည်။

eleven media group

0 comments:

Post a Comment