18.9.13

ကာကွယ်ရေးဦးစီးချုပ်မှ H.T.M.S ANGTHONG စစ်သင်္ဘောအား လေ့လာ

ထိုင်းနိုင်ငံတွင် ရောက်ရှိနေသော တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့ တပ်မတော် ကိုယ်စားလှယ် အဖွဲ့သည် ထိုင်းနိုင်ငံ ဆိုင်ရာ မြန်မာနိုင်ငံ စစ်သံမှူးနှင့် ထိုင်းဘုရင့် တပ်မတော်မှ အရာရှိကြီးများ လိုက်ပါ လျက် စက်တင်ဘာ ၁၆ရက် ဒေသ စံတော်ချိန် နံနက် ၁ဝနာရီတွင် ချွန်ပူရီ ခရိုင်၊ ဆပ်တာဟိမြို့ ရှိ Juk Samet Harbour,Sattahip Chonburiသို့ ရောက်ရှိကြရာ ထိုင်းဘုရင့် တပ်မတော် ဒုတိယ ကာကွယ်ရေး ဦးစီး ချုပ် (ရေ) Admiral Kanat Thongpool နှင့် ထိုင်းဘုရင့် တပ်မတော်မှ အရာရှိကြီးများက ကြိုဆို နှုတ်ဆက် ကြသည်။

ထို့နောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အဖွဲ့ဝင် များသည် ထိုင်းဘုရင့် ရေတပ်မှH.T.M.S ANGTHONGစစ်သင်္ဘော ပေါ်သို့ တက်ရောက်ကြည့်ရှု လေ့လာကြရာ စစ်သင်္ဘော တာဝန်ကျ တပ်ဖွဲ့မှ ဂုဏ်ပြုကြိုဆို နှုတ်ဆက် ကြသည်။

ယင်းနောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် H.T.M.S ANGTHONGစစ်သင်္ဘောပေါ် ရှိ အလေးပြုခံ စင်မြင့်သို့ ရောက်ရှိ နေရာယူပြီး ဂုဏ်ပြု တပ်ဖွဲ့၏ အလေးပြုခြင်းကို ခံယူသည်။

ထိုအချိန်တွင် ထိုင်းဘုရင့် ရေတပ် စစ်သင်္ဘောများမှ အမြောက်(၁၉)ချက် ပစ်ဖောက်၍ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်အား ဂုဏ်ပြုသည်။

လက်မှတ်ရေးထိုး

၎င်းနောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် စစ်သင်္ဘော ဧည့်ခန်းဆောင်ရှိ ဧည့်သည်တော် မှတ်တမ်း စာအုပ်တွင် မှတ်တမ်းတင် လက်မှတ်ရေးထိုး ပေးသည်။

ဆက်လက်၍ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့ တပ်မတော် ကိုယ်စားလှယ် အဖွဲ့အား ဧည့်ခန်းဆောင်၌ ထိုင်းဘုရင့် တပ်မတော် ဒုတိယ ကာကွယ်ရေး ဦးစီးချုပ် (ရေ) Admiral Kanat Thongpool က ကြိုဆို နှုတ်ခွန်းဆက် စကား ပြောကြားပြီး တာဝန် ရှိသူများမှ ထိုင်းဘုရင့် ရေတပ် သမိုင်းနှင့် H.T.M.S ANGTHONG စစ်သင်္ဘောဆိုင်ရာ အချက်အလက် များအား ရှင်းလင်းတင်ပြ ကြသည်။

ဆွေးနွေး

ရှင်းလင်း တင်ပြမှုများအပေါ် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မြန်မာ- ထိုင်း နှစ်နိုင်ငံ ရေပိုင်နက်အတွင်း ကာကွယ်ရေး၊ လုံခြုံရေး ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး ကိစ္စရပ်များအား အကြံပြု ဆွေးနွေး ပြောကြားသည်။

ရှင်းလင်းပြသ

ထို့နောက် စစ်ဦးစီး အရာရှိချုပ် (ရေ)မှ သိရှိလိုသည် များအား မေးမြန်းရာ တာဝန် ရှိသူများက ဗီဒီယို မှတ်တမ်းများဖြင့် ရှင်းလင်း ပြသကြသည်။

ယင်းနောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား ထိုင်းဘုရင့် တပ်မတော် ဒုတိယ ကာကွယ်ရေး ဦးစီးချုပ် (ရေ)က အထိမ်းအမှတ် တံဆိပ်နှင့် ပထမဆုံး ဂုဏ်ပြုပစ်ဖောက်ခဲ့သည့် အမြောက်ကျည်ခွံအား အမှတ်တရ လက်ဆောင် အဖြစ် ပေးအပ်ရာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က လက်ခံရယူပြီး မြန်မာ့ တပ်မတော်၏ အထိမ်းအမှတ် လက်ဆောင်အား ပြန်လည် ပေးအပ်သည်။

၎င်းနောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် H.T.M.S ANGTHONG စစ်သင်္ဘော အတွင်း လှည့်လည်ကြည့်ရှု လေ့လာကြရာ ထိုင်းဘုရင့် ရေတပ်မှ တာဝန်ရှိသူများက လိုက်လံရှင်းလင်း ပြသကြပြီး စစ်သင်္ဘော ပေါ်တွင် နေ့လယ်စာဖြင့် တည်ခင်း ဧည့်ခံသည်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အဖွဲ့ဝင်များသည် နေ့လယ်ပိုင်းတွင် H.T.M.S ANGTHONG စစ်သင်္ဘောပေါ်မှ ပြန်လည်ထွက်ခွာ လာကြရာ စစ်သင်္ဘော တာဝန်ကျ တပ်ဖွဲ့မှ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်အား ဂုဏ်ပြု နှုတ်ဆက် ခဲ့ကြကြောင်း သတင်း ရရှိသည်။


မြ၀တီ

0 comments:

Post a Comment