19.3.13

မန်းကျုံးဘေးတွင် သင်္ကြန်မဏ္ဍပ် လျှောက်ထားသူ ၁၇၂ ခုရှိ

ယခုနှစ်မန်းတွင် သင်္ကြန်မဏ္ဍပ် လျှောက်ထားသူများမှာ ကျုံးဘေးတွင်သာ အများဆုံးဖြစ်ပြီး ဌာနဆိုင်ရာ မဏ္ဍပ်များ အပါအဝင် ၁၇၂ ခုရှိကြောင်း သိရသည်။ သင်္ကြန်မဏ္ဍပ် လျှောက်ထားလိုသူများသည် မန်းစည်ပင် အခွန်ဌာနသို့ ယခုလ ၈ ရက်နေ့တွင် နောက်ဆုံးထား လျှောက်ထားစေခဲ့ပြီး လျှောက်ထားလိုသူများမှာ အာမခံကြေး ငါးသိန်း ပေးသွင်းခဲ့ရပြီး ကျုံးပတ်လည်တွင် တစ်ဖက်လျှင် မဏ္ဍပ် ၁၀ ခုသာ လက်ခံမည် ဖြစ်သောကြောင့်
ကျုံးဘေး လျှောက်ထားလိုသူများအား မဲနှိုက် နေရာချထားပေးမည်ဖြစ်ပြီး မဲမပေါက်ပါက အာမခံကြေး ငါးသိန်းမှ လေးသိန်းပြန်လည် ပေးမည်ဖြစ်ကြောင်း မြို့ထဲနှင့် အခြားနေရာ လျှောက်ထားလိုသူများသည် အာမခံကြေး ပေးသွင်းရန် မလိုကြောင်း အခွန်ဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
ယခင်နှစ် မန်းသင်္ကြန်များတွင် ကျုံးဘေးပတ်ပတ်လည်သာ မဏ္ဍပ်များရှိပြီး လူစည်ကားခဲ့ကာ တစ်နေရာနှင့် တစ်နေရာ ကူးသန်းဖို့ပင် မလွယ်၍ မန်းမြို့သူ မြို့သားများမှ ဝေဖန်မှုများ ရှိခဲ့ရာ ယခုနှစ်တွင် မြို့အနှံ့အပြား စည်ကားစေရန် လမ်း ၃၀၊ ၃၅ လမ်း၊ သိပ္ပံလမ်း မြို့ပတ်လမ်း၊ ၆၂ လမ်း၊ ၇၃ လမ်း၊ ၇၈ လမ်းစသည့် လမ်းကျယ်သော နေရာများနှင့် အခြားယဉ်ကြော မပိတ်ဆို့နိုင်သော နေရာများတွင် မဏ္ဍပ်တည်ဆောက်လိုသူများအား မန်းစည်ပင်ဌာနမှ ရေလိုအပ်ပါက အကူအညီ ပေးသွားမည်ဖြစ်ပြီး သင်္ကြန်မတိုင်မီ ရုံးဖွင့်ရက်များတွင် အချိန်မရွေး လာရောက် လျှောက်ထားနိုင်ကြောင်း၊ မဏ္ဍပ်တည်ဆောက်ရာတွင် တီးဝိုင်းပါလျှင် ပေ ၁၂၀ နှင့် တီးဝိုင်းမပါလျှင် ပေ ၈၀ အထိသာ လက်ခံ ဆောက်လုပ်ရမည် ဖြစ်ကြောင်း၊ သတ်မှတ်ချက်နှင့် ကိုက်ညီပါက စိစစ်ချထား ပေးသွားမည်ဖြစ်ပြီး မဏ္ဍပ် တည်ဆောက်လိုသူများသည် စည်ပင်ဌာနမှ ချပေးသည့် နေရာတွင် သတ်မှတ်ထားသည့် အကျယ်အဝန်းအတိုင်း တည်ဆောက်ရမည် ဖြစ်ပြီး မဏ္ဍပ်အောက်တွင် ဆယ်ပေပတ်လည် အမှိုက်ကန် ထားရှိရမည်ဖြစ်ကာ ယာယီရေလောင်းအိမ်သာ ထားရှိရမည် ဖြစ်သည်။ ထို့အပြင် စီးကရက်၊ ဆေးလိပ်၊ ဘီယာနှင့်အရက် ကြော်ငြာများ ကပ်ခြင်း၊ ချိတ်ဆွဲခြင်းများ မပြုလုပ်ရန်နှင့် မဏ္ဍပ်တည်ဆောက်ရာတွင် ပလပ်ဖောင်းအတွင်းသာ တည်ဆောက်ရမည် ဖြစ်ပြီး လေအိုးသုံးရေပိုက်၊ မီးသတ်ပိုက်ခေါင်းများဖြင့် ရေပတ်ခြင်းအား ထိရောက်စွာ အရေးယူသွားမည် ဖြစ်ကြောင်း လိုက်နာခြင်းမရှိပါက Black List စာရင်း သွင်း၍ လိုအပ်သလို အရေးယူသွားမည် ဖြစ်ကြောင်း မဏ္ဍပ်တည်ဆောက်လိုသူများ လိုက်နာရန် မန်းစည်ပင် အခွန်ဌာနမှ ထုတ်ပြန်ထားသည့် စည်းကမ်းချက်များအရ သိရသည်။

0 comments:

Post a Comment