19.3.13

ရွှေပြည့်စုံဈေးမှ ကျပ် ၅၀၀၀ တန် ငွေဖြည့်ကတ် ဝယ်ယူသူများအား ဟန်းဆက် ကံစမ်းမဲပေးမည့် အစီအစဉ် ယခုလအတွင်း စတင်မည်

ရွှပြည့်စုံဈေးမှ ကျပ်ငါးထောင်တန် ငွေဖြည့်ကတ် ဝယ်ယူခြင်းဖြင့် ဟန်းဆက်ကံစမ်းခွင့် ရရှိမည့် အစီအစဉ်အား မတ်လ ၂၀ ရက်မှ စတင်တော့ မည်ဖြစ်ကြောင်း ရွှေပြည့်စုံ ဈေး သာယာရေးကော်မတီက ပြောသည်။ "တန်ဖိုးနည်းဆင်းကတ်တွေ စပြီးထွက်တဲ့နေ့အထိ မစောင့်တော့ပါဘူး။ ကြားထဲမှာ ပိတ်ရက်တွေ အများကြီး ခံသွားမှာမို့လို့ပါ" ဟု ဈေးသာယာရေးအဖွဲ့မှ ဒေါက်တာညီညီအောင်က ပြောသည်။ ငွေဖြည့်ကတ် ဝယ်ယူရုံဖြင့်
ဟန်းဆက်ရရှိနိုင်မည့် ကံစမ်းမဲ အစီအစဉ်အား ရွှေပြည့်စုံဈေးရှိ မိုဘိုင်းဖုန်းနှင့် ဆက်စပ်ပစ္စည်း အရောင်းဆိုင်များ၏ လက်လီလက်ကား ဈေးကွက်ပိုမိုမြှင့်တင်ရန် ရည်ရွယ်၍ ပြုလုပ်ခြင်းဖြစ်ကြောင်း အထက်ပါပုဂ္ဂိုလ်က ဆက်ပြောသည်။

၎င်းကံစမ်းမဲအစီအစဉ်မှာ ရွှေပြည့်စုံဈေး ဒုတိယထပ်နှင့် တတိယထပ်ရှိ မိုဘိုင်းဖုန်းဆိုင်များ၌ ကျပ် ၅၀၀၀ တန် ငွေဖြည့်ကတ်တစ်ကတ် ဝယ်ယူရုံဖြင့် ကံစမ်းမဲ ကူပွန်တစ်စောင် ရရှိမည်ဖြစ်သည်။ ကံစမ်းသူတစ်ဦးလျှင် ကူပွန်များစွာ ကံစမ်းနိုင်မည် ဖြစ်သော်လည်း လူတစ်ဦးလျှင် ပေါက်မဲတစ်ခုသာ ခံစားခွင့် ပေးသွားမည်ဟု ဈေးသာယာရေးကော်မတီက ဆိုသည်။ လက်ကားဝယ်ယူသူများအား ကံစမ်းမဲ အစီအစဉ်အတွင်း ပါဝင်ခွင့် ပြုမထားဘဲ လက်လီဝယ်ယူမည့် သုံးစွဲမည့်သူများအတွက်သာ ပြုလုပ်ပေးခြင်းဖြစ်သည်။

"လက်ကားဝယ်ပြီး ကူပွန်ထည့်တာမျိုးတွေ မဖြစ်အောင် ငွေဖြည့်ကတ်ကို ခြစ်ပြီးတာနဲ့ ကတ်အခွံနဲ့ ကူပွန်ကို တစ်ခါတည်း ပေးလိုက်မှာပါ" ဟု ဒေါက်တာညီညီအောင်က ဆိုသည်။ ကံစမ်းမဲကာလအား မတ် ၂၀ ရက်မှစ၍ ဧပြီ ၉ ရက်နေ့အထိ သတ်မှတ်ထားပြီး ဧပြီ ၂၅ ရက်နေ့တွင် ကံစမ်းမဲဖွင့်ပွဲ ပြုလုပ်မည်ဖြစ်သည်။ ကံစမ်းမဲကာလအတွင်း ရွှေပြည့်စုံဈေး ဒုတိယထပ်နှင့် တတိယထပ်ရှိ မိုဘိုင်းဖုန်းဆိုင်တိုင်းတွင် ငွေဖြည့်ကတ် ဝယ်ယူခြင်းဖြင့် ကံစမ်းနိုင်မည်ဖြစ်သည်။ အဆိုပါ ဈေးအတွင်း မိုဘိုင်းဖုန်းဆိုင်ခန်းပေါင်း ၁၁၀ ခန့် ရှိကြောင်း သိရသည်။

0 comments:

Post a Comment