21.2.14

ရေကြောင်းပညာ တက္ကသိုလ် သင်ထောက်ကူပစ္စည်း လိုအပ်ချက်ကြောင့် ရေကြောင်း လျှပ်စစ် အင်ဂျင်နီယာများ အလုပ်လက်မဲ့ဖြစ်ဟုဆို


Friday, February 21, 2014

အစိုးရ၏ သင်ထောက်ကူ ပစ္စည်းများ ဖြည့်တင်းမှု မလုံလောက်ခြင်းကြောင့် ရေကြောင်း လျှပ်စစ် အင်ဂျင်နီယာ ကျောင်းသားများ အလုပ်လက်မဲ့နှင့် ရင်ဆိုင်နေရကြောင်း ရေကြောင်းပညာ တက္ကသိုလ်မှ ကျောင်းသားများက ပြောကြားသည်။


နိုင်ငံတကာ သင်္ဘောလိုင်းများတွင် အခြေခံ အရည်အချင်း လိုအပ်ချက်အဖြစ် ပြဋ္ဌာန်းခဲ့သော (Standards Of Training, Certification and Watch keeping For Seafarers) ဥပဒေတွင် Electrical Workshop Skill သင်တန်းဆင်းလက်မှတ် မပါလျှင် ၂၀၁၄ ခုနှစ်မှစ၍ လျှပ်စစ် အင်ဂျင်နီယာအဖြစ် သင်္ဘောလိုက်ခွင့် မပြုဟု ၂၀၁၁ ခုနှစ်ကတည်းက ပြဋ္ဌာန်းခဲ့ရာ ယင်းဥပဒေကို မြန်မာနိုင်ငံ ရေကြောင်းပညာ တက္ကသိုလ်က ကြိုတင် သိထားသော်လည်း အဆိုပါလက်မှတ် ပေးနိုင်သည့် သင်တန်းများ ဖွင့်လှစ်ပေးခြင်း မရှိသည့်အတွက် ယခုကဲ့သို့ ဒုက္ခများ ကြုံတွေ့နေရခြင်း ဖြစ်ကြောင်း အဆိုပါ တက္ကသိုလ်မှ ၂၀၁၂ - ၁၃ ပညာသင်နှစ်တွင် ဘွဲ့ရခဲ့သူ ဦးဝင်းထိုက်အောင်က ၎င်း၏ အခက်အခဲကို ပြောပြသည်။

“၂၀၁၀ ကတည်းက ဒီလိုဖြစ်လာမယ်ဆိုတာ သိသိလျက်နဲ့ မလုပ်ခဲ့တာပါ။ ကျွန်တော့်ကို ကုမ္ပဏီက အလုပ်ခေါ်ထားတာ ရှစ်လလောက်ရှိပြီ။ EWS လက်မှတ် မရှိလို့ သင်္ဘောလိုက်လို့ မရဘူး” ဟု ၎င်းကဆိုသည်။

အဆိုပါသင်တန်း ဖွင့်လှစ်ရန် အဓိက လိုအပ်သည့် စက်ပစ္စည်းမှာ Stimulator စက်ဖြစ်ပြီး အမေရိကန်ဒေါ်လာ တစ်သိန်းခွဲ ခန့်တန်ဖိုး ရှိကြောင်း၊ သင်တန်းဖွင့်လှစ်ရန် စုစုပေါင်း ကုန်ကျငွေ ကျပ်သိန်းလေးထောင်ခန့် ရှိသောကြောင့် အစိုးရက ချေးငွေအဖြစ် ထုတ်ပေး၍ သင်တန်းကြေးကို ပြန်လည် ကောက်ခံ၍ လည်းကောင်း၊ အစိုးရက မလုပ်ဆောင်ပေးပါက သင်္ဘောသား ကုမ္ပဏီများက ထောက်ပံ့ငွေ၊ ချေးငွေဖြင့် လည်းကောင်း လုပ်ဆောင် ပေးသင့်ကြောင်း အဆိုပါ တက္ကသိုလ်မှ Electrical System ဖြင့် ဘွဲ့ရခဲ့သူ ကိုဇော်ဝင်းနောင်က ဆိုသည်။

“ETO (Electrical Technical Officer) အရာရှိအလုပ်အတွက် တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ လူတွေခေါ်နေတာ ဒီငွေကြေး အခက်အခဲနဲ့ သင်တန်းလက်မှတ် တစ်ခုတည်းကြောင့် နိုင်ငံတကာ ဈေးကွက်ကနေ ကျွန်တော်တို့ လွင့်ထွက်တော့မှာ” ဟု ၎င်းကဆိုသည်။

ယင်းသင်တန်း လိုအပ်ချက်အတွက် ရေကြောင်းပညာ တက္ကသိုလ် ကျောင်းသားများက ၂၀၁၃ ခုနှစ်စပိုင်း ကတည်းက ယင်းတက္ကသိုလ် ပါမောက္ခချုပ်နှင့် အကြိမ်ကြိမ် ဆွေးနွေးခဲ့ရာ မအောင်မြင်သည့်အတွက် မင်္ဂလာတောင်ညွန့်မြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းမှတစ်ဆင့် လွှတ်တော်သို့ တင်ပြခဲ့သော်လည်း ၂၀၁၄-၁၅ ဘဏ္ဍာနှစ်မှသာ ထည့်သွင်း စဉ်းစားမည်ဟု ဆိုသောကြောင့် အချိန်ပို၍ ကြာမြင့်နိုင်သည့်အတွက် သင်တန်းကျောင်းကို အမြန်ဆုံး လုပ်ဆောင် ပေးသင့်ကြောင်း ရေကြောင်း တက္ကသိုလ် ကျောင်းသားများသမဂ္ဂမှ ကျောင်းသားရေးရာ တာဝန်ခံ ကိုအောင်ဇော်ထက်က ပြောကြားသည်။

အထက်ပါ ဥပဒေအရ ယခင်က ရေကြောင်း လျှစ်စစ်အင်ဂျင်နီယာ လက်မှတ် ရရှိထားသူများပါ သက်တမ်း တိုးလိုပါက ETO သင်တန်း တက်ရောက်ရမည် ဖြစ်ကြောင်း၊ အဓိက ပြဿနာမှာ ရေကြောင်းပညာ တက္ကသိုလ်က စာတွေ့များ သင်ပေးလိုက်ပြီး လက်တွေ့သင်ပေးခြင်း မရှိသည့်အတွက် လက်တွေ့သင်တန်း ထောက်ခံ ချက် တောင်းခံခြင်းသာ ဖြစ်ကြောင်း ၂၀၁၀ ခုနှစ်က အဆိုပါ တက္ကသိုလ်မှ ဘွဲရခဲ့သူ ကိုဇော်လင်းဖြိုးက ရှင်းပြသည်။

ရေကြောင်းတက္ကသိုလ် အနေနှင့် ကျောင်းသားများ၏ လိုအပ်ချက်ကို ဖြည့်ဆည်း ပေးနိုင်ရန် သက်ဆိုင်ရာဌာန အသီးသီးကို တင်ပြထားကြောင်း၊ သင်တန်းမူကို ၂၀၁၀ ပြည့်နှစ်မှစ၍ သိရှိခဲ့ရသော်လည်း သင်တန်း၏ စံသတ်မှတ်ချက်နှင့် သင်ရိုးများကို ၂၀၁၃ ခုနစ်နှစ် အလယ်ခန့်မှ ထုတ်ပြန်ခဲ့ခြင်းကြောင့် သတ်မှတ် စက်ပစ္စည်းနှင့် ဆရာများ ရှားပါး၍လည်း ဖြစ်နိုင်ကြောင်း၊ ယင်းသင်တန်းမှာ ကုန်ကျစရိတ် ကြီးမားသည့်အတွက် ပုဂ္ဂလိက သင်တန်းများ အချင်းချင်း ပူးပေါင်း၍ ကျောင်းသားများအတွက် အဆိုပါ သင်တန်း ဖွင့်လှစ်ပေးနိုင်ရန် မတ်လဆန်းမှစ၍ ဆွေးနွေးသွားမည် ဖြစ်ကြောင်း ရေကြောင်းပညာ တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာမြတ်လွင်က The Voice သို့ ပြောကြားသည်။

The Voice Weekly

0 comments:

Post a Comment