21.2.14

ပဲမျိုးစုံရောင်းဝယ်ရာတွင် တစ်လအတွင်း ပစ္စည်း ပေးသွင်းရမည်



Friday, February 21, 2014

ပဲအရောင်းအ၀ယ်လောကတွင် လေရောင်းလေ၀ယ်ဖြင့် ရောင်းဝယ်ကြလေ့ရှိခြင်းကြောင့် ငွေကြေး ပြဿနာများဖြစ်ပေါ်လေ့ရှိရာ လေရောင်းလေ၀ယ်စနစ်ကို လုံးဝခွင့်ပြုမည်မဟုတ်တော့ဘဲ ကြိုရောင်းကြိုဝယ် ဆောင်ရွက်ခြင်းကိုလည်း စရန်ငွေ၊ စာချုပ်တို့ဖြင့် ဆောင်ရွက်စေမည်ဖြစ်ကာ တစ်လအတွင်း ပစ္စည်းသွင်း ပေးရမည်ဟု မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်း၏ အထွေထွေအတွင်းရေးမှူး ဦးမင်းကိုဦးက မဇ္ဈိမကိုပြောသည်။

“ပဲလုပ်ငန်းသဘောက ပဲပေါ်တဲ့အချိန်မှာ နိုင်ငံခြားကနေ လာဝယ်မှာဖြစ်တဲ့အတွက် ကုန်သည်ဘက်က ပဲလိုအပ်ချက်ရှိတယ်ဆိုရင် ကြိုရောင်းကြိုဝယ်ကိုတော့ ခွင့်ပြုပေးမှာပါ။ လေရောင်းလေ၀ယ်ကိုတော့ တင်းတင်းကျပ်ကျပ် တားမြစ်သွားမှာပါ” ဟု ပြောသည်။

တရားဝင်ထုတ်ပြန်မှုရှိထားပြီးဖြစ်သော်လည်း လုပ်ငန်းရှင်များလိုက်နာ ဆောင်ရွက်မှုအားနည်းနေသည့် အတွက် စာချုပ်ဖြင့်သာ ပဲအရောင်းအ၀ယ်ပြုလုပ်ရေးမူဝါဒအား ယခုနှစ်ပဲရာသီအမီ ထပ်မံအသက်သွင်း ဆောင်ရွက်ရန် ပြင်ဆင်နေ ခြင်းဖြစ်သည်။

ပြည်တွင်း၌ ပဲအရောင်းအ၀ယ်ကိစ္စများ ဖောင်းပွခြင်းမရှိရစေရန် ကုန်ပို့လွှာ ဒီအို (Delivery Order) စနစ်ဖြင့် ရောင်းဝယ်ခြင်းကိုလည်း လုံးဝခွင့်ပြုမည်မဟုတ်ဘဲ စာချုပ်ဖြင့် ရောင်းဝယ်ရမည်ဖြစ်ကာ အရောင်းအ၀ယ်ဖြစ်ပြီး တစ်လအတွင်း ပြည်ပသို့တင်ပို့ရမည်ဟု ပြီးခဲ့သည့်နှစ် သြဂုတ်လတွင် ဘုရင့်နောင် ကုန်စည်ဒိုင်မှ တရားဝင်ထုတ်ပြန်ခဲ့ပြီးဖြစ်သည်ဟုလည်း ပဲ၊ နှမ်း လုပ်ငန်းရှင်များက ပြောသည်။

အခုအချိန်က ပဲမျိုးစုံစပေါ်တဲ့အချိန် ဖြစ်ပါတယ်။ ဒါကြောင့် စာချုပ်စနစ်ကို အသက်ဝင်အောင် အဓိကထား ဆောင်ရွက်နေပါတယ်။ ဒီအိုနဲ့မလုပ်ဖို့ စည်းကမ်းထုတ်တဲ့အချိန်က မနှစ်က ရှစ်လပိုင်း လောက်ဆိုပေမယ့် အခုချိန်က ပဲစပေါ်တဲ့ အချိန်ဖြစ်တော့ စည်းကမ်းအတိုင်း လိုက်လုပ်ကြဖို့ ဒီအချိန်က ပိုအရေးကြီးနေပါ တယ်။ စာချုပ်နဲ့ဆောင်ရွက်ရင် ငွေကြေးအရှုပ်အရှင်းဖြစ်တာတွေ လျော့နည်းသွားမှာပါ” ဟု ဦးမင်းကိုဦးက ပြောသည်။

လေရောင်းလေ၀ယ်စနစ်သည် ကုန်ပစ္စည်းနှင့် ငွေကိုချက်ချင်းပေးချေရန် မလိုဘဲ နောက်လာမည့် လအပိုင်း အခြားအလိုက် ဖြစ်ပေါ်မည့်ဈေးနှုန်းကို ကြိုတင်သတ်မှတ်ကာ ရောင်းဝယ်ကြခြင်းဖြစ်ပြီး၊ ဒီအိုစနစ်သည် ပဲသိုလှောင်ရုံအတွင်း ပဲမည်မျှရှိသည်ကို ဖော်ပြထားသည့် သက်သေခံလက်မှတ်သဘောဖြစ်ကာ ကုန် သည်အချင်းချင်း လက်လွှဲရောင်းဝယ်နေကြ ခြင်းဖြစ်သည်ဟု ပဲကုန်သည်ကြီးတစ်ဦးက ရှင်းပြသည်။

ပြီးခဲ့သည့်လအတွင်း၌ ပဲမျိုးစုံ ပြည်ပသို့တင်ပို့သည့် မြန်မာကုမ္ပဏီတစ်ခုက အိနိ္ဒယအခြေစိုက် ကုမ္ပဏီများ ထံသို့ ပဲမျိုးစုံတင်ပို့နိုင်ရန် ၎င်းကုမ္ပဏီများထံမှ အမေရိကန်ဒေါ်လာ နှစ်သန်းကျော် ရယူထားသော်လည်း တင်ပို့နိုင်ခြင်းမရှိသဖြင့် ငွေကြေးပြဿနာများဖြစ်ပွားခဲ့ရာ မြန်မာနိုင်ငံပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်းနှင့် UMFCCI တို့က ၀င်ရောက်ညှိနှိုင်းပေးခဲ့ရကာ ရယူထားသည့်ငွေများကို လအလိုက် ပြန်လည်ပေးချေရန် သဘောတူညီမှုရခဲ့သည်ဟု ပဲနှမ်းကုန်သည်များက ပြောသည်။

ပြည်တွင်း ပဲအရောင်းအ၀ယ်လောကအတွင်း လေရောင်းလေ၀ယ်လုပ်ခြင်းကြောင့် အထက်ပါဖြစ်စဉ် ဖြစ်ပွားရခြင်း ဖြစ်သည်ဟု ပဲပို့ကုန်လုပ်ငန်းရှင်တစ်ဦးက ပြောသည်။ မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် ပဲမျိုးစုံတင်ပို့ရောင်းချမှု ဒုတိယအများဆုံးနိုင်ငံဖြစ်သည်။

Mizzima - News in Burmese

0 comments:

Post a Comment