21.2.14

မော်တော်ယာဉ်အလုံးစုံ အာမခံထားရှိမှုနည်းပါးနေ



Friday, February 21, 2014

ပြည်တွင်းရှိ မော်တော်ယာဉ်အရေအတွက်နှင့် နှိုင်းယှဉ်ပါက အလုံးစုံမော်တော်ယာဉ်အာမခံထားရှိသည့် မော်တော်ယာဉ်အရေ အတွက်မှာ နည်းပါးနေသေးကြောင်း မြန်မာ့အာမခံလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။


၂ဝ၁၃-၂ဝ၁၄ ဘဏ္ဍာရေးနှစ်အတွင်း၌ မြန်မာ့အာမခံလုပ်ငန်း တွင် အလုံးစုံမော်တော်ယာဉ်အာမခံထားရှိသည့် မော်တော်ယာဉ်မှာ ၅၇ဝဝ ရှိပြီး ပုဂ္ဂလိကအာမခံလုပ်ငန်းခြောက်ခုတွင် အာမခံထားရှိ သည့် မော်တော်ယာဉ်မှာ ၂၅၅၅ စီးရှိကြောင်း သိရသည်။
''အားလုံးပေါင်းလိုက်ရင် ၈၂၅၅ စီးရှိတယ်။ မြန်မာပြည်မှာ ကညနကနေ တောင်းကြည့်တဲ့စာရင်းအရဆို ငါးသိန်းလောက်ရှိ တယ်ဆိုတော့ ၁ ဒသမ ၆၅ ရာခိုင်နှုန်းပဲထားတဲ့သဘောဖြစ်နေ တယ်။ များသောအားဖြင့် မထားကြဘူး။ မထားကြတော့ တစ်ခုခု ဖြစ်လာရင် ခက်တာပေါ့''ဟု မြန်မာ့အာမခံလုပ်ငန်းမှ ညွှန်ကြား ရေးမှူး ဦးအေးမင်းသိန်းက ပြောသည်။

မော်တော်ယာဉ်အာမခံများနှင့်ပတ်သက်သည့်အလုံးစုံမော်တော် ယာဉ်အာမခံ၊ ခရီးသွားအာမခံများအားထားရှိရန် အသိပညာပေးမှု များဆောင်ရွက်နေသော်လည်း လက်ရှိအချိန်အထိ အာမခံထားရှိမှု အားနည်းနေသေးကြောင်း ၄င်းကပြောသည်။
''အလုံးစုံမော်တော်ယာဉ်အာမခံထားလို့ ဘယ်လောက်မှ မကျပါဘူး။ ကိုယ်ပိုင်သိန်း ၁ဝဝ တန်တဲ့ကားမှ ဝ ဒသမ ၈ ရာခိုင်နှုန်းလောက်ပဲ ပရီမီယံကြေးပေးရတာ။ အငှားယာဉ်ဆို အန္တရာယ်ရှိလို့ ၁ ဒသမ ၄ ရာခိုင်နှုန်းလောက်ပဲရှိတာ။ ကျွန်တော့် ကားကိုစီးရင် အာမခံထားပြီးသား အကုန်လုံးတာဝန်ယူတယ်။ အဲဒီလိုဆို အကုန်လုံးအဆင်ပြေသွားမယ်။ မြန်မာပြည်မှာကလဲ ဖြစ်လာမှဖြစ်ရောဆိုပြီးဖြစ်နေတယ်''ဟု ၄င်းကပြောသည်။

မော်တော်ယာဉ်ပိုင်ရှင်များမှ အာမခံထားရှိလိုပါက မြန်မာ့အာမ ခံလုပ်ငန်းတွင်သာမက ပုဂ္ဂလိကအာမခံလုပ်ငန်းများတွင်လည်း အာမခံများထားရှိနိုင်ပြီး အာမခံထားရှိ၍ အသုံးပြုနေသည့်မော် တော်ယာဉ်အရေအတွက်မှာ နည်းပါးနေသောကြောင့် မော်တော် ယာဉ်ပိုင်ရှင်များအနေဖြင့် မော်တော်ကားအလုံးစုံအာမခံထားရန် အသိပညာပေးမှုများလည်း ဆောင်ရွက်ပြောကြားပေးနေကြောင်း သိရသည်။

The Union Daily

0 comments:

Post a Comment