21.2.14

စွန့်လွှတ်လယ်ယာမြေများအတွက် စုံစမ်းနိုင်ရန် ရုံးခန်းများ တစ်နိုင်ငံလုံး ဖွင့်ပေးမည်




၂၁.၂.၂၀၁၄၊ သောကြာနေ့

လယ်ယာမြေ သိမ်းဆည်းခံထားရသော လယ်သမားများအတွက် ပြန်လည်စွန့်လွှတ်မည့် လယ်ယာမြေ များထဲတွင် မိမိအသိမ်းခံထားရသည့် လယ်ယာမြေများကို ပိုင်ဆိုင်မှု အထောက်အထားများဖြင့် စုံစမ်း လျှောက်ထားနိုင်ရေးအတွက် မြေအသုံးချမှုစီမံခန့်ခွဲရေးရုံးများကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့်ဖွင့်လှစ် ဆောင်ရွက်ပေးသွားမည်ဟု နေပြည်တော် မြေအသုံးချစီမံခန့်ခွဲရေးကော်မတီထံမှ သိရသည်။


“နေပြည်တော်မှာ ပထမဆုံးအကြိမ် ဖွင့်ပေးတာပေါ့။ နောက်ရက်တွေမှာ သက်ဆိုင်ရာ ပြည်နယ်၊ တိုင်း အလိုက် မြို့နယ်တွေအားလုံးမှာ ဆက်သွယ်ရမယ့် ဖုန်းနံပါတ်ကအစ ဖွင့်ပေးသွားမှာပါ”ဟု ဒိက်္ခိဏခရိုင် မြေအသုံးချစီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းမြင့်ဦးက မဇ္ဈိမကို ပြောသည်။

အသိမ်းခံထားရသည့် လယ်သမားများအနေဖြင့် ပြန်လည်စွန့်လွှတ်မည့် လယ်ယာမြေများထဲတွင် ပါရှိ လျှင် သက်ဆိုင်ရာဌာနက တိုင်းတာစစ်ဆေးဆောင်ရွက်၍ စိစစ်မှုများ ပြုလုပ်ပြီးစီးပါက ပိုင်ဆိုင်မှုအ ထောက်အထားများဖြင့် လယ်သမားများကို ပြန်လည် ပေးအပ်သွားမည်ဖြစ်သည်။

တပ်သိမ်းလယ်ယာမြေများအပြင် ၀န်ကြီးဌာနများမှ သိမ်းယူထားသော လယ်ယာမြေများ၊ ကုမ္ပဏီများမှ သိမ်းယူထားသော လယ်ယာမြေများပါဝင်ပြီး လယ်သမားများက သက်ဆိုင်ရာ ရပ်ကွက်ကျေးရွာအုပ်စု မြေအသုံးချစီမံခန့်ခွဲရေးကော်မတီရုံးများ၌ ခိုင်လုံသော အထောက်အထားများဖြင့် လျှောက်ထားစုံစမ်းနိုင် မည် ဖြစ်သည်။

“ပြန်လည်စွန့်လွှတ်တဲ့ မြေထဲမှာ ပါတယ်ဆိုရင် ပြန်ရမယ်။ မပါတဲ့သူတွေတော့ ဘယ်လို ဆောင်ရွက်ပေး မယ်ဆိုတာ မသိဘူး။ လုပ်ထုံးလုပ်နည်းအတိုင်း စိစစ်ပြီးတော့ ပြန်ပေးမယ်။ ဘယ်အချိန်ပြန်ပေးမယ်ဆို တာတော့ အတိအကျ မပြောနိုင်ဘူး”ဟု ဦးဝင်းမြင့်ဦးက ပြောသည်။

လယ်ယာမြေသိမ်းဆည်းခံထားရသည့် လယ်သမားများ အလွယ်တကူ စုံစမ်းလျှာက်ထားနိုင်ရေးအတွက် မြို့နယ်အလိုက် ရုံးခွဲများဖွင့်လှစ်ပေးသွားမည်ဖြစ်ပြီး ဆက်သွယ်မှုအတွက် တယ်လီဖုန်းနံပါတ်များ ထုတ် ပြန်ပေးမည်ဖြစ်သည်။ ပထမဆုံးအကြိမ်အဖြစ် နေပြည်တော်၊ ခရိုင်နှင့် မြို့နယ်အသီးသီးတွင် ဖုန်းနံပါတ် များဖြင့် ထုက်ပြန်ထားပြီးဖြစ်သည်။

အဆိုပါရုံးခွဲများကို လယ်ယာမြေများ ပြန်လည်ပေးအပ်ပြီးစီးသည့်အထိ ဖွင့်လှစ် ဆောင်ရွက်ပေးသွား မည်ဖြစ်ပြီး ပိတ်သိမ်းရန် အချိန်ကန့်သတ်ထားခြင်းမရှိဟု ဆိုသည်။

မြောင်းမြမြို့နယ် လယ်သမားသမဂ္ဂ အတွင်းရေးမှူးကိုသန်းဇော်ဦးက “ခုပဲ လယ်သမားတွေက ပြောနေ ပြီ။ အသိမ်းခံရတုန်းက ဧက ၅၀၀ ဖြစ်ပြီးတော့ ပြန်လည်စွန့်လွှတ်တဲ့မြေက ဧက ၈၀ ဆိုပြီး အကြောင်း ကြားလာတယ်။ အဲဒီတော့ ရတဲ့သူက ရပြီး မရတဲ့သူက မရဖြစ်တော့ လယ်သမားတွေ အခက်အခဲ ဖြေ ရှင်းပေးတာမဟုတ်ဘူး ဖြစ်နေတယ်။ တခြားနည်းလမ်းတွေ ဆက်လုပ်ပေးဖို့ လိုတယ်”ဟု ပြောသည်။

ပြည်ထောင်စုလွှတ်တော်၌ သိမ်းဆည်းထားသော လယ်ယာမြေများနှင့်ပတ်သက်၍ လယ်ဧကတစ်သိန်း ကိုးသောင်းကျော်အား ပြန်လည်စွန့်လွှတ်ပေးသွားမည်ဟု ကာကွယ်ရေးဝန်ကြီးဌာနမှဗိုလ်ချုပ်ကျော်ညွန့် က ပြောဆိုထားသည်။

Mizzima - News in Burmese

0 comments:

Post a Comment