16.9.13

ဆီင်္းဂိမ်း ပွဲတော်ကာလ အတွင်း ထွက်ရှိသမျှ အမှိုက်များ နေ့ချင်းပြီး သိမ်းဆည်း နိုင်ရေး စီစဉ်

ရန်ကုန်မြို့တော် အတွင်း ဆီးဂိမ်းပွဲတော် ကျင်းပရာ နေရာများမှ ထွက်ရှိသမျှ အမှိုက်များကို နေ့ချင်းပြီး သိမ်းဆည်း နိုင်စေရေး စီစဉ်လျက် ရှိကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေး ဌာနမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက် အရ သိရသည်။

အဆိုပါ ဆီးဂိမ်း ကျင်းပသည့် နေ့ရက်များ အတွင်း ထွက်ရှိသော အမှိုက်များသည် နေ့စဉ် ထွက်ရှိမှု ပမာဏထက် ပိုမို များပြားနိုင်ကြောင်း ယင်းအတွက် ဆီးဂိမ်း ကျင်းပမည့် နေရာများတွင် အမှိုက်ပုံးများ တိုးချဲ့ ချထားရန် စီစဉ်နေပြီး ဝန်ထမ်းအင်အား တိုးမြှင့် ချထားနိုင်ရေး အတွက်လည်း အခြား မလိုအပ်သည့် နေရာများမှ ဝန်ထမ်းများကို ခေါ်ယူ တာဝန် ချထားပေးနိုင်ရန် စာရင်းများကိုလည်း စိစစ်နေကြောင်း သိရသည်။

ရန်ကုန်မြို့တွင် သုဝဏ္ဏ ဘောလုံးကွင်း၊ အမျိုးသား အားကစား ပွဲရုံ(၁) သုဝဏ္ဏ၊ သိမ်ဖြူ အားကစားကွင်းနှင့် မြောက်ဒဂုံ သေနတ်ပစ်ကွင်း စသည့် နေရာများ၌ ဆီးဂိမ်းပြိုင်ပွဲများ ကျင်းပမည် ဖြစ်ရာ ပြိုင်ပွဲ ကျင်းပမည့် နေရာများ၊ ပြည်ပ ဧည့်သည်များ တည်းခိုမည့် လမ်းတစ်လျှောက်တွင်လည်း သန့်ရှင်းမှု ရှိစေရန် စနစ်တကျ ဆောင်ရွက်မည် ဖြစ်ကြောင်း၊ ထို့အပြင် ရန်ကုန်မြို့တွင် သန့်ရှင်းရေး လုပ်သား သုံးထောင်ကျော် ရှိပြီး နေ့၊ ညခွဲ၍ သန့်ရှင်းရေး ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။

ဆီးဂိမ်းပြိုင်ပွဲတွင် တိုးချဲ့ ချထားပေးမည့် ၆၆ဝ နှင့် ၂၄ဝ လီတာ အမှိုက်ပုံး များကိုမူ ရန်ကုန်မြို့၌ ၂ဝ၁၂ ခုနှစ်မှ စတင်၍ ဝါးကပ် အမှိုက်ကန်များ ဖျက်သိမ်းပြီး အစားထိုး ချထားပေးခဲ့ခြင်း ဖြစ်ကြောင်း၊ ဆီးဂိမ်း ပွဲတော်ကို ဒီဇင်ဘာ ၁၁ ရက်မှ ၂၂ ရက်အထိ နေပြည်တော်၊ ရန်ကုန်၊ မန္တလေးနှင့် ငွေဆောင်မြို့ တို့တွင် ကျင်းပမည် ဖြစ်ကြောင်း သိရ သည်။

မြ၀တီ

0 comments:

Post a Comment