16.9.13

ကျောက်ဖြူ ဓာတ်ငွေ့ပိုက်လိုင်း ပေါက်ကွဲမှု မဟုတ်မှန်ဟုဆို

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် အတွင်းရှိ တရုတ်-မြန်မာ သဘာဝဓာတ်ငွေ့ ပိုက်လိုင်း ပေါက်ကွဲမှုမှာ မဟုတ်မှန်ကြောင်း ရေနံနှင့် သဘာဝ ဓာတ်ငွေ့ ပိုက်လိုင်း စီမံကိန်း (CNPC) ကို လုပ်ပိုင်ခွင့် ရရှိထားသည့် SEAGP ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက အတည်ပြု ပြောကြားသည်။


ကျောက်ဖြူမြို့နယ်နှင့် အမ်းမြို့နယ် နယ်စပ် မိုင်တိုင်အမှတ် KP-၄၃ နှင့် KP-၄၅ အနီးရှိ သဘာဝဓာတ်ငွေ့ ပိုက်လိုင်းမှာ စက်တင်ဘာ ၁၃ ရက်နေ့ ညနေ ၆ နာရီတွင် ပေါက်ကွဲ ခဲ့ကြောင်း လူမှုကွန်ရက် စာမျက်နှာတွင် သတင်းများ ပျံ့နှံ့ခဲ့သည့်အတွက် ယင်းနယ် တစ်ဝိုက်တွင် ဒေသခံများ ကြောက်ရွံ့ ထိတ်လန့်မှုများ ဖြစ်ပွားခဲ့သည့် အတွက် ၎င်းကအတည်ပြု ပြောကြားခြင်း ဖြစ်သည်။

“မြို့နယ်အုပ်ချုပ်ရေးမှူးကိုယ်တိုင် ဖုန်းဆက်မေးလို့ ချက်ချင်းသွားရောက် စစ်ဆေးခဲ့ပါတယ်။ ပေါက်ကွဲမှု မဖြစ်ပါဘူး” ဟု ၎င်းကဆိုသည်။

ပိုက်လိုင်း လည်ပတ်ရေး စီမံခန့်ခွဲရေး ဌာနမှ တာဝန်ရှိသူများက ပေါက်ကွဲသည် ဆိုသောနေရာသို့ သွားရောက် စစ်ဆေးခဲ့ပြီး အဆိုပါ နေရာတွင် မည်သည့် ပေါက်ကွဲမှုနှင့် မီးလောင်မှုများမရှိဘဲ ပိုက်လိုင်းမှာ ပုံမှန်အတိုင်း လည်ပတ်နေကြောင်း SEAGP ကုမ္ပဏီက သတင်းထုတ်ပြန်သည်။

The Voice Weekly

0 comments:

Post a Comment