16.9.13

နိုင်ငံအတွင်းရှိ ရေပေါ်ဆီ အသိုင်းအဝိုင်းကို အာဂျင်တီးနားသမ္မတ ဝေဖန်

ခရစ္စတီးနားက နိုင်ငံအတွင်းရှိ ရေပေါ်ဆီ အသိုင်းအဝိုင်းသည် အစိုးရကို နာမည်ဖျက်ပြီး ၎င်းတို့၏ ဩဇာကို ဖြန့်ကျက်ရန် ကြိုးစားနေကြောင်း ဆိုသည်။


အာဂျင်တီးနား သမ္မတ ခရစ္စတီးနား ဖာနန်ဒက်ဇ်ဒီ ခရစ်ခ်ျနာက နိုင်ငံ၏ ရေပေါ်ဆီ လူနည်းစု အသိုင်းအဝိုင်းကို ဝေဖန်ပြောဆိုမှုများ ပြုလုပ်ခဲ့သည်။ ခရစ္စတီးနားက နိုင်ငံအတွင်းရှိ ရေပေါ်ဆီ အသိုင်းအဝိုင်းသည် အစိုးရကို နာမည်ဖျက်ပြီး ၎င်းတို့၏ ဩဇာကို ဖြန့်ကျက်ရန် ကြိုးစားနေကြောင်း ဆိုသည်။ သူမက "အဲဒီ လူနည်းစုတွေက သူတို့ပဲ သမိုင်းကြောင်း လှချင်နေတယ်။ လောဘကြီးတဲ့ ခြင်္သေ့တွေ ဝေစုခွဲသလို သူတို့ချည်း အကောင်းဆုံး ဖြစ်ချင်နေတယ်"ဟု ပြောကြားခဲ့သည်။ သူမက လက်ရှိ အာဂျင်တီးနား ပြည်သူတို့၏ ဘဝသည် သူမ၏ သမ္မတ သက်တမ်းအတွင်း များစွာ ကောင်းမွန် ပြောင်းလဲခဲ့ပြီး ဖြစ်ကြောင်းလည်း မှတ်ချက်ပြုသွားခဲ့သည်။

"တစ်ကမ္ဘာလုံး ချွတ်ခြုံကျနေတဲ့ ကာလတွေမှာတောင် အာဂျင်တီးနားဟာ တစ်နှစ်ကို (၅)ရာခိုင်နှုန်းလောက် စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာတယ်"ဟု ခရစ္စတီးနားက ပြောဆိုခဲ့သည်။ သူမက နိုင်ငံ၏ မီဒီယာသမားများကလည်း အစိုးရအပေါ် ပြည်သူလူထုက ယုံမှားသံသယများ ဖြစ်ပေါ်အောင် တွန်းအားပေးနေကြောင်း ဝေဖန်ခဲ့သည်။ "ပြောရရင် အာဂျင်တီးနားကို အတိတ်ဆီ ပြန်သွားစေချင်တဲ့သူတွေ တော်တော်များတယ်။ လုပ်အားခတွေ ဈေးပေါပြီး အမြတ်အစွန်း ခန့်မှန်းချက်က လက်တွေ့ထက် ပိုမြင့်နေတဲ့ အခြေအနေမျိုးဆီကိုလေ"ဟု ခရစ္စတီးနားက ဆိုသည်။

ခရစ္စတီးနားသည် နိုင်ငံ၏ မီဒီယာများနှင့် လမိုင်းမကပ်လှသူဟု လူသိများပြီး သူမလက်ထက်တွင် လွှတ်တော်က အတည်ပြု ပြဋ္ဌာန်းပေးခဲ့သည့် မီဒီယာ ဥပဒေ တစ်ရပ်သည် သတင်းလွတ်လပ်ခွင့်ကို ထိန်းကွပ်ပိတ်ပင်မှုများ ဖြစ်ပေါ်စေကြောင်း ဝေဖန်မှုများ ထွက်ပေါ်ခဲ့သည်။ ခရစ္စတီးနားသည် အာဂျင်တီးနားတွင် ပြည်ပငွေကြေး (အမေရိကန်ဒေါ်လာ) ဝယ်ယူရင်းနှီးမှုများကိုလည်း ကန့်သတ်ခဲ့သည်။ သူမက "သမ္မတ တစ်ယောက်အနေနဲ့ ကျွန်မဟာ ပြည်သူ သန်း(၄၀)ရဲ့ အကျိုးစီးပွားကိုပဲ ကြည့်ရမယ်။ ဒါကြောင့် ကျွန်မကလည်း ဒေါ်လာတွေ ပုံနှိပ်နေမှာ မဟုတ်ဘူး။ ကျွန်မအတွက် ဒေါ်လာတွေ လိုတယ်။ အဲဒါက နိုင်ငံရေး ကြွေးမြီတွေကို ဆပ်ဖို့ပဲ။ ဒါပေမဲ့ ကျွန်မကိုယ်တိုင် ဖန်တီးနေလို့ မရဘူးလေ"ဟု ပြောဆိုခဲ့ဖူးသည်။

Planet Myanmar Network

0 comments:

Post a Comment