16.9.13

ရတနာပုံတက္ကသိုလ် ရေကြီးသော်လည်း သတ်မှတ်ရက်အတိုင်း စာမေးပွဲ ပြုလုပ်မည်

မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ် တောင်သမန်ကျေးရွာရှိ ရတနာပုံ တက္ကသိုလ်ဝင်းအတွင်း ရေကြီးမှုများ ဖြစ်ပေါ်နေသော်လည်း ဒုတိယနှစ်ဝက် အတန်းတင် စာမေးပွဲကို ရက်ရွှေ့ပြောင်းလဲခြင်း မရှိဘဲ သတ်မှတ်ရက်များအတိုင်း ပြုလုပ်သွားမည် ဖြစ်ကြောင်း ရတနာပုံတက္ကသိုလ် ရူပဗေဒဌာနမှ ဆရာ၊ ဆရာမများထံမှ သိရသည်။


“စက်တင်ဘာ ၁၆ ရက်နေ့မှာ စာမေးပွဲစဖြေဖို့ သတ်မှတ်ထားတာ။ ကျောင်းထဲမှာ ရေတွေက တော်တော်များပေမယ့် စာမေးပွဲကတော့ ဖြေဖြစ်တယ်။ ရက်မရွှေ့ဘူး။ သွားလာရ ခက်ခဲနေတဲ့ အတွက် အခုတံတား ထိုးပေးနေပါတယ်” ဟု အဆိုပါ တက္ကသိုလ်မှ ဆရာတစ်ဦးက ပြောကြားသည်။

ဧရာဝတီမြစ်ရေ လျှံမှုကြောင့် ရတနာပုံ တက္ကသိုလ်ဝင်းအတွင်း လေးနှစ် တစ်ကြိမ် ရေဝင်လေ့ရှိပြီး ယင်းအချိန်တို့တွင် စာမေးပွဲရက်များကို တစ်ပတ်ခန့် ရပ်နားထားပေးလေ့ ရှိကြောင်း အဆိုပါတက္ကသိုလ် ဆရာ၊ ဆရာမ အချို့ထံမှ သိရသည်။

“အခုချိန်ထိတော့ စာမေးပွဲရက် ရွှေ့မယ်ဆိုတဲ့ ညွှန်ကြားချက် ထွက်မလာသေးဘူး။ ဒီပုံစံအတိုင်းကတော့ အခန်းတွေက စာမေးပွဲဖြေဖို့ အဆင်ပြေတယ်။ ဒါပေမဲ့ ကလေးတွေကတော့ သွားရေးလာရေး ခက်ခဲတာပေါ့။ စာမေးပွဲရက် ရွှေ့ဖို့ ကျတော့လည်း တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ဖြေရတာဆိုတော့ ဒီတစ်ကျောင်းထဲ ကွက်ပိတ်ဖို့ကလည်း အဆင်မပြေဘူးလေ” ဟု အဆိုပါ တက္ကသိုလ် ရူပဗေဒဌာနမှ ဌာနမှူးတစ်ဦးက သုံးသပ်ပြောဆိုသည်။

ရတနာပုံ တက္ကသိုလ်ဝင်း အတွင်းရှိရေမှာ ပေါင်လယ်ခန့်နီးပါး ရှိနေပြီး ရေကြီးနေသော်လည်း စာမေးပွဲကို သွားဖြေရမည် ဖြစ်ကြောင်း ရတနာပုံ တက္ကသိုလ်တွင် ဒုတိယနှစ် မြန်မာစာ စာမေးပွဲ ဖြေဆိုမည့်သူ ကိုထက်လင်းပိုင်က ပြောကြားသည်။

အမရပူရမြို့နယ်၏ ဧရာဝတီမြစ်ရေ စိုးရိမ်ရေမှတ်မှာ ၁၂၆၀ စင်တီမီတာရှိပြီး စက်တင်ဘာ ၁၄ ရက်နေ့တွင် ၁၁၄၇ စင်တီမီတာ ရှိကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။

ရတနာပုံ တက္ကသိုလ် ဝိဇ္ဇာ၊ သိပ္ပံဘာသာရပ် ဒုတိယနှစ်ဝက် စာမေးပွဲများကို စက်တင်ဘာလ ၁၆ ရက်မှ ၂၃ ရက်နေ့အထိ ပြုလုပ်စစ်ဆေးမည် ဖြစ်သည်။

The Voice Weekly

0 comments:

Post a Comment