16.9.13

ရန်ကုန်မြို့ အတွင်း ယာဉ်ထိန်းရဲ အင်အား ၅ဝဝ ကျော် တိုးမြှင့် ချရန်စီစဉ်

ရန်ကုန်မြို့တော် အတွင်း စည်းကမ်းမဲ့ မော်တော်ယာဉ်များအား အရေးယူခြင်းနှင့် ယာဉ်ကြော ပိတ်ဆို့မှုများ အား ရှင်းလင်းနိုင်ရန် လိုအပ်သော ယာဉ်ထိန်းရဲ အင်အား ၅ဝဝကျော် တိုးမြှင့်ချရန် စီစဉ် ဆောင်ရွက်လျက် ရှိကြောင်း အမှတ်(၂) ယာဉ်ထိန်း ရဲတပ်ဖွဲ့ခွဲမှူးရုံး (ရန်ကုန်)မှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်အရ သိရှိရသည်။

အဆိုပါ ရန်ကုန်တိုင်း ဒေသကြီးအတွက် ယာဉ်ထိန်းရဲ တပ်ဖွဲ့ ဖွဲ့စည်းပုံအရ အင်အား ၁၄၄ဝ၂ သတ်မှတ် ထားသော် လည်း လက်ရှိတွင် အင်အား ၉ဝဝကျော်သာ ရှိကြောင်း၊ ယင်းအတွက် လိုအပ်ချက်အရ ထပ်မံ တိုးချဲ့ရန် စီစဉ်လျက် ရှိကြောင်း၊ ထို့အပြင် သင်တန်း ဆင်းများ မွေးထုတ်၍ အခြား ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ ယာဉ်ထိန်းရဲများ အားလည်း သင်တန်းများ ပေးသွားမည် ဖြစ်ကြောင်း သိရှိရသည်။

လက်ရှိတွင် ယာဉ်ကြောပိတ်ဆို့မှု ကင်းဝေးစေရေး အတွက် နေ့စဉ် နံနက် ၈ နာရီမှ ၁ဝ နာရီအကြားနှင့် ညနေ ၄နာရီမှ ၆ နာရီအတွင်း ရန်ကုန်တိုင်း ဒေသကြီးရှိ ယာဉ်ထိန်းရဲ တပ်ဖွဲ့ဝင်များ လမ်းရှင်းခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ ယာဉ်စည်းကမ်း ထိန်းသိမ်းရေး အဖွဲ့ အနေဖြင့် အထူးအဖွဲ့မှ ယာဉ်စည်းကမ်း ထိန်းသိမ်းရေးအား တစ်နေ့လျှင် နှစ်ကြိမ် ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။

မြန်မာနိုင်ငံ အတွင်း စီးပွားရေး အချက် အချာကျသော မြို့ကြီးများတွင် ယာဉ်ကြော ပိတ်ဆို့မှုများ ၂ဝ၁၃ခုနှစ် နှစ်ဆန်း ပိုင်းမှ စ၍ ပိုမိုဖြစ်ပွားမှုများ လာနေကြောင်း၊ ယင်းအတွက် ဖြေရှင်းနိုင်မည့် ခုံးကျော်တံတား စီမံကိန်းများ၊ မော်တော် ယာဉ်ညအိပ် ရပ်နားမှုများအား အရေးယူခြင်း၊ စည်းကမ်းမဲ့ မောင်းနှင်မှုများအား စစ်ဆေးခြင်းများ ဆောင်ရွက်လျက် ရှိနေကြောင်း သိရှိ ရသည်။

မြ၀တီ

0 comments:

Post a Comment