20.2.14

ကျိုင်းတုံတွင် ချင်းအမျိုးသားနေ့ပွဲ ပထမဆုံးအကြိမ် ကျင်းပမည်


ရှမ်းပြည်နယ် အရှေ့ပိုင်း ကျိုင်းတုံမြို့ ချင်းလူမှုရေး အသင်းက ဦးဆောင်၍ ပထမဆုံးအကြိမ် အဖြစ် (၆၆) နှစ်မြောက် ချင်းအမျိုးသားနေ့ကို ဖေဖော်ဝါရီလ ၂၂ ရက်နေ့ စနေနေ့တွင် မိုင်းလပ် ကျေးရွာအုပ်စု၊ ဝမ်တုံ ကျေးရွာ၌ ကျင်းပ ပြုလုပ်မည် ဖြစ်ကြောင်း ချင်းလူမှုရေးအသင်း ဒုတိယ ဥက္ကဋ္ဌ ဦးဗျက်မန်းက ပြောကြားသည်။

ချင်းအမျိုးသားများ၏ မမေ့သင့် မမေ့အပ်သော နေ့တစ်နေ့ကို မျိုးဆက်သစ် လူငယ်များ အောက်မေ့ သတိရစေရေး အပြင် ချင်းရိုးရာ ဓလေ့ထုံးတမ်း စဉ်လာများကိုလည်း သိရှိစေရန်အတွက် ယခုကဲ့သို့ ဦးဆောင် ကျင်းပရခြင်း ဖြစ်ကြောင်း၊ ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် ချင်းအမျိုးသားနေ့ကို ကျင်းပရမည် ဖြစ်သော်လည်း ယင်းနေ့သည် ရုံးဖွင့်ရက် ဖြစ်သည့်အတွက် ဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူများ မလာရောက်နိုင်သဖြင့် ရုံးပိတ်ရက်ကို ရွေးချယ် ကျင်းပရခြင်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ကျိုင်းတုံမှာရှိတဲ့ ချင်းလူမျိုး အများစုက ဝန်ထမ်းတွေ များတယ်။ တပ်မတော်က အငြိမ်းစားရပြီး ချင်းတောင် မပြန်နိုင်ဘဲ အခြေချ နေထိုင်တဲ့ မိသားစုကတော့ ဆယ်စုလောက် ရှိတယ်။ အဲဒီရှိတဲ့ လူဦးရေလေးကို စုပေါင်းပြီး မိသားစု သာရေးနာရေး ကိစ္စတွေ ကူညီ ပေးနိုင်အောင်လို့ ဖေဖော်ဝါရီလ ၁၅ ရက်နေ့ကမှ ချင်းလူမှုရေး အသင်းလေးကို ဖွဲ့လိုက်တယ်။ ဒီပွဲလေးက ပထမဆုံးရှိတဲ့ အင်အားလေးနဲ့ ကြိုးစားပြီး လုပ်ရတာ” ဟု ဦးဗျက်မန်းက က ဆိုသည်။

အဆိုပါ ပွဲတော် ကျင်းပမည့်နေ့တွင် ချင်းအမျိုးသားနေ့ စတင် ပေါ်ပေါက်လာပုံနှင့် ချင်းလူမျိုးတို့၏ ဓလေ့ထုံးတမ်း စဉ်လာများကို သိရှိရန် မျိုးဆက်သစ် လူငယ်များကို ရှင်းလင်း ပြောကြားပေးမည် ဖြစ်ကြောင်းနှင့် ပွဲတော်လာ ပရိသတ်များကို ကြက်ဆီထမင်းဖြင့် ကျွေးမွေး ဧည့်ခံသွားမည် ဖြစ်ပြီး ချင်းရိုးရာ အကများ၊ ဝတ်စား ဆင်ယင်မှုများကို ရုပ်သံ ပြဇာတ်များဖြင့် ပြသသွားမည် ဖြစ်ကြောင်း အဆိုပါပွဲ စီစဉ်သူများထံမှ စုံစမ်း သိရှိရသည်။

“ချင်းအမျိုးသားနေ့ကို ရှမ်းပြည်မှာ ရောက်နေတဲ့ ချင်းတိုင်းရင်းသားတွေ စုပေါင်းပြီး ပထမဆုံး ကျင်းပနိုင်အောင် ကြိုးစားထားတယ်လို့ သိရတယ်။ အဖေနဲ့ အမေက ချင်းလူမျိုး ဖြစ်ပေမယ့် အဖေ တာဝန်ကျရာ မြို့အနှံ့ လိုက်ပြီး ပြောင်းရွှေ့နေရတော့ ကိုယ့်ချင်းအမျိုးသားနေ့ သမိုင်းကို ကောင်းကောင်း မသိသလို ချင်းစကားကိုလည်း ကျွမ်းကျွမ်းကျင်ကျင် မပြောတတ်ပါဘူး။ ကိုယ့်မြေ ကိုယ့်ရေနဲ့ ဝေးနေကြတဲ့ ဘယ်တိုင်းရင်းသားမဆို ကိုယ့်လူမျိုးတွေရဲ့ ယဉ်ကျေးမှု ဓလေ့စရိုက်တွေနဲ့ ဘာသာစကားတွေကို မပျောက်ပျက်အောင် အားလုံးက ဝိုင်းဝန်း ထိန်းသိမ်းဖို့တော့ လိုတယ်” ဟု ဝမ်တုံရွာနေ စစ်မှုထမ်းဟောင်း တစ်ဦး၏ သမီးဖြစ်သူ အသက် ၃၀ နှစ်ခန့်အရွယ် ချင်းတိုင်းရင်းသူ တစ်ဦးက ဆိုသည်။

လွန်ခဲ့သော နှစ်ပေါင်း ၆၆ နှစ်ခန့် ၁၉၄၈ ခုနှစ် ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် ချင်းပြည်နယ် ဖလမ်းမြို့နယ်၌ ကျင်းပသော ချင်းလူထု အစည်းအဝေး ပွဲကြီးတွင် တီးတိန်နယ်သား ချင်းအမျိုးသား ခေါင်းဆောင်ကြီး ဦးထောင်ဇကိုင်း (၁၉၄၈- ၁၉၉၁) က ချင်းအမျိုးသားများသည် ပဒေသရာဇ်ခေတ် လက်အောက်တွင် တိုးတက်မှု မရှိခဲ့သည့်အတွက် ပဒေသရာဇ် စနစ်ကို ဖျက်သိမ်းရန် တင်ပြ တောင်းဆိုခဲ့ပြီး တက်ရောက်လာသူ များ၏ ထောက်ခံချက်များအရ ၁၉၅၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၂၀ ရက်နေ့ကို ချင်းအမျိုးသားနေ့ အဖြစ် သတ်မှတ်ခဲ့ခြင်း ဖြစ်သည်ဟု ချင်းလူမှုရေး အသင်းထံမှ သိရသည်။

လက်ရှိ ရှမ်းပြည်နယ် အရှေ့ပိုင်း ကျိုင်းတုံမြို့၌ ချင်းတိုင်းရင်းသား အိမ်ထောင်စုပေါင်း ၄၀ တွင် လူဦးရေ ၂၀၀ နီးပါးခန့် ရှိပြီး နှစ်ခြင်း ခရစ်ယာန် ဘာသာကို ယုံကြည် ကိုးကွယ်ကြသည်။

The Voice Weekly

0 comments:

Post a Comment