20.2.14

အေအီးစီထူထောင်ရန်ပြင်ဆင်မှု မြန်မာ ၈၆ ရာခိုင်နှုန်းပြီးစီး


Thursday, February 20, 2014

၂၀၁၅ တွင် စတင်မည့် အာဆီယံ စီးပွားရေးအသိုင်းအ၀ိုင်း (AEC) အတွက် မြန်မာနိုင်ငံက ပြင်ဆင် ဆောင်ရွက်နေသောလုပ်ငန်းစဉ်များ၏ ၈၆ ရာခိုင်နှုန်းကို အကောင်အထည်ဖော်ပြီးဖြစ်သည်ဟုအမျိုး သားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဒေါက်တာစန်းလွင်က ပြောသည်။
ဖေဖော်ဝါရီ ၁၈ ရက်က ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်တွင်ပြုလုပ်သည့် အာဆီယံစီးပွားရေးပေါင်းစည်းမှု ဆိုင်ရာ အဆင့်မြင့်လုပ်ငန်းအဖွဲ့ (25th Meeting of High Level Task Force on ASEAN Economic Intregration) အစည်းအဝေးတွင် ဒုတိယ၀န်ကြီးက အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။

အာဆီယံနှင့်အရှေ့အာရှစီးပွားရေးသုတေသနဌာန (ERIA) ကဆောင်ရွက်နေသော အာဆီယံစီးပွားရေး အသိုင်းအ၀ိုင်းထူထောင်နိုင်မှု အကဲဖြတ်အဆင့် (၄)၏ အခြေအနေအပေါ်မူတည်ကာ မြန်မာနိုင်ငံ၏ ကြိုတင်ပြင်ဆင်မှု ၈၆ ရာခိုင်နှုန်းပြီးစီးပြီဖြစ်ကြောင်းဟု ဒု-၀န်ကြီးက ပြောကြားခဲ့ခြင်းဖြစ်သည်။

ဒု-၀န်ကြီးဒေါက်တာစန်းလွင်က “မြန်မာနိုင်ငံအနေနဲ့ AEC အတွက် ပြင်ဆင်တဲ့နေရာမှာ ရာနှုန်းပြည့်ပြီး စီးခြင်းမရှိသေးပါဘူး။ ဒါပေမဲ့ ၈၆ ရာခိုင်နှုန်းဆိုတာ လုပ်ငန်းစဉ်တော်တော်များများကို ပြီးစီးတဲ့ အခြေ အနေပါ။ AEC ပြင်ဆင်တဲ့အနေအထား ရာနှုန်းပြည့်ပြီးစီးဖို့က အကောက်ခွန်ဥပဒေပိုင်းဆိုင်ရာမှာ ပြင် ဆင်ပြဋ္ဌာန်းဖို့ ကျန်နေပါသေးတယ်။ အခုဆိုရင် အာဆီယံ ၁၀ နိုင်ငံလုံးက ၂၀၁၅ ကျော်တဲ့အထိ အချို့လုပ် ငန်းတွေကို ဆက်လက်ဆောင်ရွက်လို့ရနိုင်သေးတယ်လို့ သုံးသပ်ကြတာတွေလည်းရှိပါတယ်” ဟု အစည်း အဝေးပြီးတွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

Asian Development Bank မှ အာဆီယံ စီးပွားရေးဖြစ်ပေါ်တိုးတက်မှုဆိုင်ရာ စာတမ်းတွင် အာဆီယံ ၁၀ နိုင်ငံစလုံးရှိ ပြည်သူများမှာ အာဆီယံစီးပွားရေးအသိုင်း အ၀ိုင်းနှင့်ပတ်သက်၍ သိရှိမှုနည်းပါးနေသေးပြီး အာဆီယံစီးပွားရေးအသိုင်းအ၀ိုင်းနှင့်ပတ်သက်သည့် အဓိကအကြောင်းအရာများကို ပြည်သူများ ပိုမိုသိရှိ နိုင်ရေးဆောင်ရွက်ရန်အတွက် ADB က နည်းပညာအကူအညီပေးသွားရန်ရှိသည်ဟု အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွဋ်က ပြော သည်။

မြန်မာနိုင်ငံသည် အကောက်ခွန်ဆိုင်ရာဥပဒေများ ပြင်ဆင်ဆောင်ရွက်ရန်၊ အခြေခံအဆောက်အအုံများ တည်ဆောက်ရန်၊ အသေးစားနှင့် အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရန်စသည့် ကဏ္ဍအရပ်ရပ်တွင် ဆောင်ရွက်ရန်ကျန်ရှိနေသေးသည်ဟု AEC နှင့်ပတ်သက်သည့် အလုပ်ရုံဆွေးနွေးပွဲများတွင် စီးပွားရေး ပညာရှင်များနှင့် လုပ်ငန်းရှင်များက သုံးသပ်ပြောကြားသည်။

အာဆီယံစီးပွားရေးအသိုင်းအ၀ိုင်းအတွက် ၈၆ ရာခိုင်နှုန်းပြီးစီးခြင်းနေပြီဆိုခြင်းမှာ အစိုးရကဏ္ဍတွင် ပြီးစီးခြင်းဖြစ်နိုင်ကြောင်းနှင့် ပုဂ္ဂလိကကဏ္ဍ၏ ဆောင်ရွက်မှုတွင် အားနည်းမှုများရှိနိုင်သည်ဟု အာရှ ဖွံ့ဖြိုးရေးဘဏ်၏ စာတမ်းတွင်ဖော်ပြထားသည်။

Mizzima - News in Burmese

0 comments:

Post a Comment