20.2.14

တစ်နာရီ မိုင် ၇၀ နှုန်း မောင်းနိုင်တဲ့ လူကြီးကစားစရာ ကား




Thursday, February 20, 2014

အရွယ်ရောက်ပြီး လူကြီးဖြစ်လာဆိုရင် ကျွန်တော်တို့ အားလုံးဟာ တာဝန်ရယ်၊ ဝတ္တရားရယ်ကို ရှေ့တန်းတင်ပြီး နိစ္စဓူဝ အလုပ်ကိစ္စတွေကို ဆောင်ရွက်ကြရပါတယ်။ တာဝန်တွေနဲ့ပိ၊ ဝတ္တရားတွေနဲ့ညိ၊ ဖိအားတွေများပြီး ကိုယ်ခန္ဓာက မနေမနား လုပ်ကိုင်နေရတဲ့ ဘဝတွေပါ။
ဒါပေမယ့် ကျွန်တော်တို့ အားလုံးရဲ့ မသိစိတ်ထဲမှာတော့ ငယ်စဉ်တောင်ကျေး ကလေးဘဝက စိတ်လွတ်ကိုယ်လွတ် ပျော်ရွှင်ခဲ့ရတဲ့ အချိန်လေးတွေဟာ ခိုအောင်းနေဆဲဆိုတာ သေချာပါတယ်။ ထို့အတူပါပဲ အဆင့်မြင့် ကောင်းမွန်တဲ့ ကားကောင်းကြီးတွေကို စီးနင်းနေရတယ် ဆိုရင်တောင်မှ ငယ်ငယ်တုန်းက ဆော့ကစားခဲ့တဲ့ အရုပ်ကားလေးကို ဘယ်မေ့နိုင်ပါ့မလဲ။

ဗြိတိန်နိုင်ငံမှ ကားစက်ပြင်ဆရာ John Bitmead ကတော့ ဒီစိတ်ကူးကို လက်တွေ့ အကောင်အထည် ဖော်ခဲ့ပြီး တစ်နာရီကို မိုင် ၇၀ နှုန်းအထိ မောင်းနှင်နိုင်တဲ့ ကမ္ဘာကျော် Little Tikes ကလေးစီးကားနဲ့ ပုံစံတူ ဆိုဒ်ကြီး ကားတစ်စီးကို တီထွင်ခဲ့ပါတယ်။ John အနေနဲ့ ဒီကားလေးကို Daewoo Matiz ကားရဲ့ ကိုယ်ထည်ကို အခြေခံပြီး တည်ဆောက်ထားခြင်း ဖြစ်ပါတယ်။

လက်ဖျားခါရလောက်အောင် ကောင်းမွန်ပြီး ပုံစံကျတဲ့ ဒီကားလေးကို John အနေနဲ့ စုစုပေါင်း နာရီ ၁၀၀၀ ကျော်နဲ့ ပေါင် ၇၀၀၀ အကုန်အကျခံပြီး ဖန်တီးထားခြင်း ဖြစ်ပါတယ်။ မူရင်း Little Tikes ကားလေးရဲ့ အနှစ်သာရကို မပျောက်ပျက်အောင် ဖန်တီးထားလို့ John ရဲ့ ကားဟာ မှန်တွေ၊ ပြတင်းပေါက်တွေတောင် တပ်ဆင်မထားသလို ဆေးရောင်ကလည်း ကလေးစီးကားနဲ့ ထင်မှတ်မှားစရာပါပဲ။

ဒီကားလေးကို ဓာတ်ဆီထည့်သွင်း မောင်းနှင်ရမှာဖြစ်ပြီး ၀-၆၀ မိုင်နှုန်းကို ၁၇ စက္ကန့်နဲ့ အရောက် မောင်းနှင်နိုင်ပါတယ်။

လူကြီးဆော့ဖို့ (စီးဖို့) မဟုတ်ဘဲ မိမိရဲ့ ရင်သွေးအတွက် မူရင်း Little Tikes ကားလေးကို ဝယ်ယူလိုတယ်ဆိုရင်တော့ ဒေါ်လာ ၁၀၀ ခန့်သာ ကုန်ကျမှာ ဖြစ်ပါတယ်။

0 comments:

Post a Comment