20.2.14

နယ်စည်းမထားဆရာဝန်များအဖွဲ့ ထွက်ခွာရန် ရခိုင်တွင် ထိုင်သပိတ်ပြုလုပ်မည်


ရန်ကုန်၊ မဇ္ဈိမ။ ။ ရခိုင်ပြည်နယ်မှ နယ်စည်းမထားဆရာဝန်များအဖွဲ့ MSF ထွက်ခွာသွားရေးအတွက် ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ဒေသခံများက ထိုင်သပိတ်ဖြင့် ဆန္ဒထုတ်ဖော်မည်ဟု ရခိုင်အမျိုးသမီး ကွန်ရက်ဥက္ကဋ္ဌ ဒေါ်ညိုအေးက ဖေဖော်ဝါရီ ၂ဝ ရက်တွင် မဇ္ဈိမကိုပြောသည်။


MSF ကို ဒုချရားတန်းဖြစ်စဉ်နှင့်ပတ်သက်၍ ရခိုင်ပြည်နယ်ရှိ မြို့ကြီးများတွင် ဆက်တိုက်ဆန္ဒထုတ်ဖော်မှုများ ပြုလုပ်ခဲ့ကြသည်။ ထို့ပြင် သမ္မတထံသို့တိုက်ရိုက်စာတင်၍ တောင်းဆိုမှုများလည်းပြုလုပ်ခဲ့ပြီး ယခုတစ်ကြိမ်တွင် MSF ရုံးထိုင်သပိတ်ဖြင့် ဆန္ဒထုတ်ဖော်တော့မည်ဖြစ်သည်။

“လူပေါင်းတစ်ရာက နှစ်ရက် ထိုင်သပိတ်နဲ့ဆန္ဒပြမယ်။ ဒီလိုမှ မရရင် သပိတ်စခန်းဖွင့်ဖို့ထိ စီစဉ်ထားပြီးပါပြီ”ဟု ဒေါ်ညိုအေးက ဆိုသည်။

ထိုင်သပိတ်ဖြင့်ဆန္ဒထုတ်ဖော်ခြင်းကို ဖေဖော်ဝါရီ ၂၂ ရက်တွင် စစ်တွေမြို့ ဦးဥတ္တမလမ်းရှိ MSF ရုံးရှေ့တွင် ဆန္ဒထုတ်ဖော်ကြ မည်ဖြစ်ကာ စည်းကမ်းထိမ်းသိမ်းရေးနှင့် ရဟန်းသံဃာများအဖွဲ့၊ ရခိုင်လူမှုကွန်ရက်၊ ရခိုင်အမျိုးသမီးကွန်ရက်၊ ရခိုင်လူမှုကွန်ရက်၊ အမျိုးဘာသာ စောင့်ရှောက်ရေးအဖွဲ့တို့ ပါဝင်မည်ဖြစ်သည်။

ဒေသခံများ၏ တောင်းဆိုမှုများအပေါ် “MSF အဖွဲ့၏ ကျန်းမာရေးဝန်ဆောင်မှုများသည် ကျန်းမာရေး ဝန်ကြီးဌာန၊ ပြည်နယ် ကျန်းမာရေးဌာနတို့နှင့် ပူးပေါင်းကာ ဆောင်ရွက်ပေးနေခြင်း ဖြစ်ပါသည်။ အစိုးရ၏ တောင်းဆိုချက်အရ ကျွန်ုပ်တို့သည် ကျန်းမာရေးဝန်ကြီးဌာနနှင့် ပြည်နယ်အစိုးရတာဝန်ရှိသူများနှင့် တိုက်ရိုက်ပူးပေါင်းကာ ကျွန်ုပ်တို့၏ ကျန်းမာရေးလုပ်ငန်းများကို ပုံမှန်လုပ်ဆောင်နေပါသည်”ဟု မဇ္ဈိမ၏ မေးမြန်မှုကို အီးမေးဖြင့်ဖြေကြားခဲ့သည်။

၂ဝ၁၂ ခုနှစ် ဇွန်လအတွင်းကဖြစ်ပွားခဲ့သော ရခိုင်ပြည်နယ် ကျောက်နီမော်ကျေးရွာမှ မသီတာထွေး အသတ်ခံရမှုနှင့် စပ်လျဉ်း ၍ ဖြစ်ပေါ်ခဲ့သော ဒုက္ခသည်များကို အကူအညီပေးရန်အတွက် NGO,INGO အဖွဲ့အစည်းများဝင်ရောက်ခဲ့ရာ လက်ရှိအခြေအနေ ထိ ရခိုင်ပြည်နယ်တွင် အကူအညီပေးရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် အဖွဲ့အစည်းပေါင်း ၃၃ ခုရှိနေသည်။

UNHCR အပါအဝင် NGO, INGO အဖွဲ့အစည်းများသည် ရခိုင်ပြည်နယ်ရှိ ဘင်္ဂလီဒုက္ခသည် ၈ဝဝဝဝ သောင်းနှင့် ရခိုင်ဒုက္ခသည် သုံးသောင်းကျော်ကို ပြည်နယ်အစိုးရအဖွဲ့နှင့်ပူးပေါင်းကာ အဆောက်အဦးများနှင့် စားသောက်စရာများ ကူညီပေးလျှက်ရှိသည်ရာ ရခိုင်ပြည်ဒေသခံများက အဆိုပါအကူအညီပေးရေးအဖွဲ့များသည် ဘက်လိုက်ကူညီမှုလုပ်ဆောင်နေသည်ဟု စွတ်စွဲကာ ရခိုင်ပြည်နယ် မြို့နယ် အများစုတွင် ဆက်တိုက်ဆန္ဒထုတ်ဖော်လျှက်ခဲ့ကြသည်။

0 comments:

Post a Comment