20.2.14

မီဒီယာဥပဒေ သဘောထား ကွဲလွဲချက်များ ညှိနှိုင်းပြင်ဆင်ရန် ပြည်ထောင်စု လွှတ်တော်သို့ တင်ပြမည်


Thursday, February 20, 2014

လွှတ်တော်နှစ်ရပ်၊ ပြန်ကြားရေး ဝန်ကြီးဌာနနှင့် စာနယ်ဇင်းကောင်စီတို့ သဘောထား ကွဲလွဲနေသော မီဒီယာဥပဒေကြမ်းကို ညှိနှိုင်းပြင်ဆင်ရန် ပြည်ထောင်စု လွှတ်တော်သို့ တင်သွင်းမည့် သဘောထား မှတ်ချက် အစီရင်ခံစာတွင် ထည့်သွင်း တင်ပြသွားမည် ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်း ပူးပေါင်း ကော်မတီ အတွင်းရေးမှူး ဦးစောလှထွန်းက ပြောကြားသည်။
“မီဒီယာမှာ လိုအပ်နေတဲ့ ကိစ္စတွေကို ပြင်ဆင် ဖြည့်စွက်ပေးနိုင်ဖို့ လေ့လာတွေ့ရှိချက် ခေါင်းစဉ်နဲ့ ထပ်တင်ပြမှာပါ” ဟု ၎င်းကဆိုသည်။

သတင်းမီဒီယာ ဥပဒေနှင့် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေကြမ်းပါ သဘောထား ကွဲလွဲနေသော အချက်အလက်များနှင့် ပတ်သက်၍ ပြည်ထောင်စု လွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီ အပါအဝင် ပြန်ကြားရေးဝန်ကြီးဌာန ဥပဒေရေးရာ အထူးကိစ္စရပ်များ လေ့လာသုံးသပ်ရေး ကော်မတီနှင့် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) မှ တာဝန်ရှိသူများသည် ဖေဖော်ဝါရီလ ၁၉ ရက်နေ့ မွန်းလွဲပိုင်းက ပြည်ထောင်စုလွှတ်တော် အစည်းအဝေး ခန်းမတွင် တွေ့ဆုံညှိနှိုင်း ခဲ့ကြကြောင်း ယင်းအခမ်းအနားသို့ တက်ရောက်ခဲ့သူ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) မှ ဦးရဲမင်းဦးက ပြောကြားသည်။

“ပြည်ထောင်စု လွှတ်တော်ရဲ့ ဆွေးနွေးအတည်ပြုမယ့် လုပ်ငန်းစဉ်ပဲ ကျန်တော့တယ်၊ အားလုံးပြီးသလောက် ဖြစ်သွားပါပြီ” ဟု ဦးရဲမင်းဦးက ဆိုသည်။

မီဒီယာဥပဒေသည် ရာခိုင်နှုန်းပြည့် လွတ်လပ်သော ဥပဒေတစ်ခု ဖြစ်လာနိုင်မည် မဟုတ်သော်လည်း ညှိနှိုင်းဆွေးနွေးမှု ရလဒ်ကို ကျေနပ်မှု ရှိကြောင်း အစည်းအဝေး တက်ရောက်ညှိနှိုင်းခဲ့သည့် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) ၏အဖွဲ့ဝင် ဦးကိုကို (ကိုကို၊ စက်မှုတက္ကသိုလ်) က ပြောကြားသည်။

“ဒီဥပဒေဟာ စာနယ်ဇင်းသမားတွေကို အကာအကွယ်မဲ့ ဆိုးဝါးတဲ့ အခြေအနေတော့ မဖြစ်နိုင်ပါဘူး။ အတတ်နိုင်ဆုံးတော့ ကြိုးစားပြီး ညှိနှိုင်းခဲ့ပါတယ်” ဟု ၎င်းက ထပ်လောင်းပြောကြားသည်။

The Voice Weekly

0 comments:

Post a Comment