20.2.14

"သမ္မတကြီးကို ယုံကြည်လို့ DKBA ဆရာကြီးတွေ ခေါ်တဲ့နောက် မလိုက်ဖြစ်သေးတာပါ "ဟု သမီးလေးရွာခံတို့ဆို


Thursday, February 20, 2014

ပဲခူးတိုင်းဒေသကြီး အလံနီ ရေကာတာ ဘေးရှိ အောင်သိဒ္ဓိဘုန်းတော်ကြီး စာသင်ကျောင်းတိုက်တွင် နေစရာမဲ့  ဒုက္ခသည်အဖြစ် ခိုလှုံနေသည့် သမီးလေးရွာမှ ရွာသူရွာသားများအနေဖြင့် နေထိုင်ခွင့် ပြန်လည်ရရှိရေးအတွက် အစိုးရအပေါ် မျှော်လင့်ချက် ထားကြောင်းနှင့် DKBA ထိန်းချုပ်နယ်မြေသို့ လိုက်ပါခြင်း မရှိသေးကြောင်း သိရှိရသည်။

သမီးလေးကျေးရွာမှ ရွာသူရွာသားများကို ဖေဖော်ဝါရီ(၁၉)ရက်နေ့တွင် DKBA မှ လူသားခြင်းစာနမှုဖြင့် လာရောက်ခေါ်ဆောင် သော်လည်း သားသမီးများ၏ ကျောင်းပညာရေးကို ငဲ့ကွက်၍ DKBA ၏ ထိန်းချုပ်နယ်မြေတွင် နေထိုင်ရန် ခေါ်ဆောင်မှုအပေါ် မည်သူတစ်ဦး တစ်ယောက်မှ လိုက်ပါသွားခြင်းမရှိဟု သမီးလေးကျေးရွာဒေသခံများထံမှ သိရှိရသည်။

လှည်းကူးမြို့နယ်ရှိ သမီးလေးကျေးရွာအား တပ်မတော်မှ ဖေဖော်ဝါရီလ ၁၅ ရက်နေ့က ကျူးကျော်နေထိုင်မှု အဖြစ် နေအိမ်များ ဖျက်စီးခဲ့ပြီး ရွာသူရွာသားများအား ပဲခူးတိုင်းအတွင်းမှ ထွက်ခွာသွားရန် တိုင်းအစိုးရအဖွဲ့မှ ထုတ်ပြန်ခဲ့ပြီး ရွာသူရွာသားများက ပဲခူးတိုင်းအ၀င်ရှိ အောင်သိဒ္ဓိကျောင်းတိုက် ဆရာတော်၏ ခွင့်ပြုချက်နှင့် (၁၀) ရက်ကြာ နေထိုင်ခွင့် ပေးခဲ့ကြောင်း ဒေသခံများ ထံမှ သိရသည်။

“နေရာ ပြန်ချပေးမယ်ဆိုရင် ကိုယ်မိဘရဲ့ လက်အောက်မှာဘဲ နေချင်တာပါ။ နိုင်ငံတော် သမ္မတကြီးကလည်း သူများတွေလို တစ်ဒေါင့်တစ်နေရာက ကူညီတဲ့ အနေနဲ့  ဒီနေရာလေးမှာဘဲ နေရာပြန်ပေးမယ်လို့ ယုံကြည်တယ်။ ကလေးတွေရဲ့ ဒီနှစ် ကျောင်း ပညာရေးကိုလည်း စွန့်ပြီး ကျွန်မတို့  မသွားနိုင်ဘူး။ ဒါကြောင့် DKBA ဆရာကြီးတွေရဲ့ခေါ်တဲ့နောက် မလိုက်ဖြစ်သေးတာပါ။”ပာု သမီးလေးရွာ ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

သမီးလေး ရွာသူရွာသား အိမ်ထောင်စု ၁၄၄ စု လူဦးရေ ၅၀၀ ကျော်မှာ အောင်သိဒ္ဓိဘုန်းတော်ကြီးကျောင်း၌ တာလဘတ်များ မိုးပြီး နေထိုင်နေရကာ ကျောင်းသူ၊ ကျောင်းသားများမှာလည်း အောင်သိဒ္ဓိ ဘုန်းတော်ကြီးကျောင်း၌ အလယ်တန်းအဆင့်အထိ ပညာသင်ကြားနေကြောင်း သိရှိရသည်။

DKBA တပ်မှ ဖေဖော်ဝါရီ(၁၉)ရက် နေလည် (၁း၀၀) နာရီခန့်တွင် (၁၂) ဘီးကား (၂)စီး ဖြင့် အဆိုပါ နေရာမဲ့ ဒုက္ခသည်တွေကို ကရင်ပြည်နယ်ရှိ ၎င်းတို့၏ ထိန်းချုပ်နယ်မြေဖြစ်သည့် ဆုံဆည်းမြိုင်မြို့တွင် ထားရှိရန် လာရောက်ခေါ်ယူခဲ့ပြီး ည (၆း၀၀)နာရီ အချိန်အထိ တစ်ဦးတစ်ယောက်မှ လိုက်ပါခြင်း မရှိသဖြင့် ကားများဖြင့် ပြန်လည်ထွက်ခွာသွားခဲ့သည်။

လာရောက် ခေါ်ဆောင်သည့် DKBA ကလို့ထူးဘော တပ်ဖွဲ့မှ ထောက်လှမ်းရေးမှုး ဗိုလ်ကြီး စောဇာနည်စိုးက “သူတို့က အကြောင်း မျိုးမျိုးကြောင့် အခုမလိုက်ဖြစ်ပေမဲ့ ကလေးတွေ စာမေးပွဲပြီးရင် ကျွန်တော်တို့ဘက်က ဗိုလ်ကြီးတွေ ညွှန်ကြား ချက်ရတာနဲ့  နောက်ထပ်လာခေါ်ဦးမှာပါ။”ပာု ပြောသည်။

ကျောင်းသူ/ကျောင်းသားများမှ စာမေးပွဲသည် မတ်လပထမအပတ်ခန့်တွင် ပြီးဆုံးမည်ဖြစ်ပြီး စာမေးပွဲပြီးဆုံးချိန် အထိ အစိုးရ ဘက်မှ နေရာချထားရေး အစီအစဉ်များ လုပ်ဆောင်မပေးပါက ကရင်ပြည်နယ်ရှိ ဆုံဆည်းမြိုင်သို့ လိုက်သွားရန်ရှိကြောင်း သမီးကလေး ရွာသူရွာသားများမှ ယူဆထားကြသည်။

“အခုအချိန်မှာ လာရောက် ကူညီမဲ့သူတွေရှိတော့ သူတို့ အဆင်ပြေတာပေါ့။ အခုလို လာခေါ်မယ့်သူတွေ လာကူညီမယ့် သူတွေမရှိရင်တော့ သူတို့ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်ရမှာပေါ့။”ပာု အောင်သိဒ္ဓိဘုန်းကြီးကျောင်းမှ ဆရာတော် တစ်ပါးက မိန့်ကြားသည်။

အာဏာပိုင်များအနေဖြင့် သမီးလေးကျေးရွာမှ လက်ခံထားရှိသည့် နေရာမဲ့ဒုက္ခသည်များကို ဖေဖော်ဝါရီ(၁၅)ရက်နေ့ နောက်ဆုံး ထား ဖယ်ရှားခိုင်ထားပြီး ဆရာတော်ကြီးမှ ကလေးများကျောင်းပြီးသည့် အထိ စောင့်ဆိုင်းပေးရန် တောင်ဆိုထားကြောင်း အောင်သိဒ္ဓိဘုန်းတော်ကြီးကျောင်းမှ သိရသည်။

သမီးလေးကျေးရွာသည် လွန်ခဲ့သော နှစ်ပေါင်း ၃၀ ကျော်ခန့်က တောထဲတွင် နေထိုင်ကြသော မိသားစုများ စုပေါင်း နေထိုင်ခဲ့ရာမှ ရွာအဖြစ်ပေါ်ပေါက်လာခဲ့ခြင်းဖြစ်ပြီး တပ်ပိုင်မြေကျူးကျော်သည်ဟုဆိုကာ ရွာဖျက်ခံခဲ့ရပြီး ပဲခူးတိုင်းအတွင်းမှ ထွက်ခွာသွားရန် တပ်မတော်မှကြေညာချက်ထုတ်ထားသည့် နေရာဖြစ်သည်။
Reposted by Junia Min 
Credit to Myitmakha Media Group 
www.facebook.com/mmcities

0 comments:

Post a Comment