20.2.14

တရားမဝင်ကျူးကျော်ပြီးမြေနေရာသတ်မှတ်နေ ထိုင်သူများကိုအမြန်ဆုံးဖယ်ရှားပေးစေလို



မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့ နန္ဒဝန်မြို့ကွက်သစ်ကို ယခင်အစိုးရလက်ထက်တွင် နိုင်ငံ့ဝန်ထမ်း အငြိမ်းစားများအား မိမိကိုယ်ပိုင် မြေပိုင် အိမ်ပိုင်ရှိစေရန် မြို့ကွက်သစ်များဖော်ထုတ်လျက် နိုင်ငံတော်အစိုးရမှချထားပေးခဲ့သည်။ 
ယခုအစိုးရလက်ထက်တွင် အဆိုပါနိုင်ငံ့ဝန်ထမ်း အငြိမ်းစားများ ချထားပေးခဲ့သော မြေနေရာများကို အခွင့်ကောင်းယူလျက် ပြင်ဦးလွင်မြို့၌ အနယ်နယ်အရပ်ရပ်မှ လာရောက်အလုပ်လုပ်သူများက တရားမဝင် ကျူးကျော်လျက် မြေနေရာသတ်မှတ်၍ နေထိုင်လျက်ရှိပြီး အချို့ကျူးကျော်ဝင်ရောက်နေထိုင်သူများက ဈေးကောင်းရရှိ၍ လက်ညှိုးထိုး ရောင်းစားလျက်ရှိသည်ကိုတွေ့ရှိရပြီး အငြိမ်းစားဝန်ထမ်း မြေနေရာရရှိသူများသည် လက်ပိုက်ကြည့်နေရသည့်အဖြစ်ကို ရောက်ရှိနေပါသည်။ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၅၆ တွင် နိုင်ငံတော်သည် နိုင်ငံသားများ၏ တရားဝင်ရရှိပိုင်ဆိုင်ထားသော ရွှေ့ပြောင်းနိုင်သော ပစ္စည်းများ၊ မရွှေ့ပြောင်းနိုင်သောပစ္စည်းများနှင့်စပ်လျဉ်း၍ ဥပဒေအရ ကာကွယ်ပေးရမည်ဟု အတိအလင်းပြဋ္ဌာန်းထားသည်ကို သိရသည်။
ပြင်ဦးလွင် နန္ဒဝန်မြို့ကွက်သစ်ကို ယခင်အစိုးရလက်ထက်က ပြင်ဦးလွင်မြို့ ကွင်းအမှတ်(၆၆၈)မှ မြေဧရိယာ ၁၅၉ဒသမ၃၈ဧကဖြင့် ထင်းကြိုးဝိုင်းအမှတ်(၅၁/၅၄)မှ မြေဧရိယာ ၇၄၆ ဧက စုစုပေါင်း ၉ဝ၅ ဒသမ ၃၈ ဧကကို အကွက်ကြီးပေါင်း ၁၄ကွက်တွင် မြေကွက်ပေါင်း ၃၅၇၇ကွက်ဖော်ထုတ်၍ စစ်ဘက်၊ နယ်ဘက်ဝန်ထမ်းများနှင့် အငြိမ်းစားဝန်ထမ်းများအား သတ်မှတ်မြေကွက်
တန်ဖိုးပေးသွင်းစေ၍ မြေနေရာ ချထားပေးခဲ့ကြောင်း သိရသည်။

မြေကွက်များချထားပေးရာတွင် မြို့မြေနေရာချထားရေးနှင့် စီမံခန့်ခွဲရေးကော်မတီမှလက်မှတ်ထိုး၍ မြေပေးမိန့်များကို မြေစာရင်းမြေပုံ ၁ဝ၅ နှင့်ပူးတွဲလျက် မြေကွက်ရရှိသူများအား ထုတ်ပေးခဲ့ပြီးနောက်ပိုင်းတွင် ပြင်ဦးလွင်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (ကော်လိတ္တော် အရာရှိ)က လူနေအိမ်မြေ ၁ဝနှစ်ဂရန်နှင့် နှစ် ၃ဝဂရန်များကို မြေစာရင်းဦးစီးဌာန မြို့မ(၂)စာရေးလက်ထောက်ဦးစီးမှူး၊ ဒုဦးစီးမှူး၊ ဦးစီးအရာရှိလက်မှတ်များပါရှိသော မြေစာရင်းပုံစံ ၁ဝ၅များ ပူးတွဲလျက်ထုတ်ပေးကြောင်းတွေ့ရှိရပြီး မြေကွက်ရရှိသူ အငြိမ်းစားဝန်ထမ်းများအား မြေစာရင်းရုံးမှ မြေနေရာလိုက်လံပြသတိုင်းတာပေးခြင်းများကို ဆောင်ရွက်ပေးခဲ့ပြီး နောက်ပိုင်းတွင် မြေပေးမိန့် အတုများ ပေါ်ပေါက်လာပြီး အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ စစ်ဆေးအရေးယူမှုများပြုလုပ်ခဲ့သည်။

၂ဝ၁၁ ခုနှစ်နောက်ပိုင်း ပြင်ဦးလွင်မြို့သို့ အနယ်နယ်အရပ်ရပ်မှ လာရောက်လုပ်ကိုင်သော ရွှေ့ပြောင်းအလုပ်သမားများသည် နေရပ်သို့
မပြန်ကြတော့ဘဲ နန္ဒဝန်မြို့ကွက်သစ်အတွင်း ဝင်ရောက် ကျူးကျော်ခြံခတ်နေထိုင်မှုများ အလုံးအရင်းဖြင့် ပြုလုပ်လာသည့်အပြင် တရားဝင်မြေကွက် ချထားပေးခြင်းခံရသော အငြိမ်းစားဝန်ထမ်းမြေကွက်ပိုင်ရှင်များသည် သွားရောက်ကြည့်ရှုကြသည့်အခါ ရန်မူခြင်းနှင့် မြေကွက်များကို လက်ညှိုးထိုးရောင်းစားခြင်းများ ပြုလုပ်လာကြသည်။

တရားမဝင်ကျူးကျော်ဝင်ရောက်နေထိုင်သူများအား ခရိုင်နှင့်မြို့နယ်အဖွဲ့အစည်းက ကျူးကျော်သူများ စာရင်းကောက်ယူခြင်း၊ ကျူးကျော်ဝင်ရောက်နေထိုင်ခြင်းမပြုရန်နှင့် စည်ပင်သာယာရေး ခွင့်ပြုချက်မရှိဘဲ ဝင်းခတ်ခြင်း၊ အဆောက်အအုံဆောက်လုပ်ခြင်းမပြုရန် ဆိုင်းဘုတ်များစိုက်ထူခြင်းများကို ဟန့်တားဆောင်ရွက်ခဲ့သော်လည်း ကျူးကျော်များ အဆက်မပြတ်ဝင်ရောက်နေထိုင်လာသည့်
အတွက် မြေနေရာချထားခြင်းခံရသူ အငြိမ်းစား ၃ဝဝဝ ကျော်က ပြင်ဦးလွင်မြို့နယ်အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ထံ မူလမြေကွက်ပိုင်ရှင်များ၏ နစ်နာချက်များကို အကြိမ်ကြိမ်သွားရောက် တင်ပြခဲ့ကြသည်။ 

လက်ရှိအခြေအနေတွင် တရားဝင်မြေကွက်နေရာရရှိသူများအနေဖြင့် မိမိမြေကွက်နေရာများတွင် ဝင်းခတ်၊ အိမ်ဆောက်နေထိုင်၍ မရခြင်း၊ မြေစာရင်းရုံးမှ မြေနေရာလိုက်လံပြသမှုမရှိခြင်း၊ တိုင်းတာပေးခြင်းများမရှိသည့်အတွက် ကျူးကျော်ခြံခတ်နေထိုင်၊ လက်ညှိုးထိုးရောင်းစားသူများအား တရားစွဲဆိုရန် အခက်အခဲရှိနေခြင်းတို့ကို ကြုံတွေ့နေရသည့်အပြင် မြေကွက်ပိုင်ရှင်အစစ်အမှန်များနှင့် တရားမဝင်ကျူးကျော်ဝင်ရောက်ခြံခတ်နေထိုင် လက်ညှိုးထိုးရောင်းချနေသူများအကြား ပဋိပက္ခအသွင်ဆောင်ကာ တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာတည်ငြိမ်အေးချမ်းသာယာရေးကိုပါ ထိခိုက်နိုင်လျက် ရှိနေသည်ဟု သိရသည်။ မြမောင်ဦး

0 comments:

Post a Comment