20.2.14

ပဲခူးဘုရားဈေးသစ် ကုန်ခြောက်ဆိုင်ဝန်ထမ်း ဓားထိုးခံရ၍သေဆုံး

ရေခဲ(ပြည်)|ဖေဖော်ဝါရီ ၂၀ ရက်၊ ကြာသပတေးနေ့၊ ၂၀၁၄ ခုနှစ်။ 

ကုန်ခြောက်ဆိုင် ပိုင်ရှင်တစ်ဦးက ဓားဖြင့်ထိုးလိုက်သဖြင့် အခြားကုန်ခြောက်ဆိုင်တစ်ခုမှ ဈေးရောင်း အကူတစ်ဦးသေဆုံးမှုတစ်ခု ပဲခူးမြို့၊ နန်းတော်ရာအပိုင်း ဘုရားဈေးသစ်အတွင်းဖေဖော်ဝါရီလ ၁၉ ရက်က ဖြစ်ပွားခဲ့သည်ဟု အဆိုပါဘုရား ဈေးသစ်တွင် ဈေးရောင်းသူတစ်ဦးက ပြောသည်။


ဖြစ်စဉ်မှာဖေဖော်ဝါရီ ၁၉ ရက် နေ့လယ် ၁၂ နာရီခန့်က အဆိုပါဈေးအတွင်းရှိ ကုန်ခြောက်ဆိုင်ပိုင်ရှင် ကိုသန်းဦးသည် အခြားကုန်ခြောက်ဆိုင်တစ်ခုမှ ဈေးရောင်းအကူ ကိုဖြိုးလေး ကုန်ထမ်းလာသည်ကိုဘေး မှကပ်ကာ ဓားဖြင့်ဝင်ထိုးခဲ့ကြောင်း အမည်မဖော်လိုသူ မျက်မြင်သက်သေ ဈေးဆိုင်ရှင်တစ်ဦးက ပြော သည်။

ဓားထိုးခံရသူ ကုန်ခြောက်ဆိုင်အကူ လုပ်သား ကိုဖြိုးလေးကို ပဲခူးမြို့၊ ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင် ခဲ့သော်လည်း နှလုံးသွေးပြန်ကြော ပြတ်ဒဏ်ရာဖြင့် မွန်းလွဲ(၃)နာရီအချိန်က သေဆုံးခဲ့သည်ဟု ၎င်းက ဆက်ပြောသည်။

“ထိုးသွင်းဒဏ်ရာ တစ်ချက်တည်းနဲ့ကို နှလုံးသွေးပြန်ကြောပြတ်ပြီး သေတယ်။ဆေးရုံမှာ ခွဲစိတ်ခန်းဝင်မယ် ဆိုပြီး တွန်းလှည်းပေါ်တင်တဲ့အချိန် အသက်ထွက်သွားတယ်”ဟု ဆိုသည်။

အဆိုပါအမှုနှင့် ပတ်သက်ပြီး ဓားဖြင့်ထိုးသူ ဆိုင်ပိုင်ရှင်ဆိုသူကို ပဲခူးမြို့ အမှတ် (၁) ရဲစခန်းက ဖမ်းဆီး ထားပြီး ပ-၁၃၇/ ၂၀၁၄ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ (၃၂၆)အရအမှုဖွင့် ဆောင်ရွက်နေကာ ဓားထိုးခံရသူ သေဆုံးသွားသဖြင့် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၂ သို့ ပြောင်းလဲအမှုဖွင့် စစ်ဆေးလျက်ရှိသည်ဟု အဆိုပါ ရဲစခန်းမှ တာဝန်မှူးရဲအရာရှိက မဇ္ဈိမကို ပြောသည်။

0 comments:

Post a Comment