20.2.14

၂ဝ၁၄-၁၅ ဘဏ္ဍာနှစ် ရုံးအသုံးစရိတ် တိုးပေးရန်ညွှန်ကြား



နေပြည်တော်၊ မဇ္ဈိမ။ ။ ရပ်၊ ကျေး၊ မြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီး၊ ပြည်နယ်အဆင့်ဆင့်၏ ရုံးအသုံးစရိတ်များ မလုံလောက်၍ အကျင့်ပျက် ခြစားမှုများရှိနေသဖြင့် သန့်ရှင်းသော အစိုးရ ဖြစ်မလာနိုင်သောကြောင့် လုံလောက်မျှတ သော ရုံးအသုံးစရိတ်များရရှိရန် သက်ဆိုင်ရာ လွှတ်တော်ရေးရာကော်မတီနှင့် ဝန်ကြီးဌာနတို့ ညှိနှိုင်း ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ပြောကြားသည်။


“လုံလောက်မျှတတဲ့ အသုံးစရိတ်တွေမရလို့ ရုံးလုပ်ငန်း အဆင်ပြေအောင် မလုပ်သင့်တဲ့ အလုပ်တွေလုပ် နေကြရတယ်၊ ဒါဟာ နောက်ပိုင်းမှာ ပြဿနာ ကြီးထွားလာမယ်။ ဝန်ထမ်းတွေ ကိုယ့်ဂုဏ်၊ ကိုယ့်သိက္ခာ နဲ့ ဆောင်ရွက်နိုင်ပြီး clean governence, good government အဆင့်ကို ရောက်လာဖို့အတွက် အလေးထားဆောင်ရွက်ကြဖို့ တင်ပြပါတယ်” ဟု သူရဦးရွှေမန်းက ယနေ့ကျင်းပသည့် ပြည်သူ့လွှတ်တော် နဝမ ပုံမှန်အစည်းအဝေး၌ ပြောသည်။

ပေါက်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်ညို၏ “သက်ဆိုင်ရာရုံးဌာန အသီးသီး တို့တွင် အမှန်တကယ်လိုအပ်၍ သုံးစွဲကုန်ကျနေသော ရုံးအသုံးစရိတ်များ တိုးမြှင့်ခွင့်ပြုချထားပေးရန် အစီအစဉ် ရှိ၊ မရှိ ဟူသည့် မေးခွန်းကို ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာလင်းအောင်က ဖြေကြားအပြီးတွင် ၎င်းက သုံးသပ်ခဲ့ခြင်း ဖြစ်သည်။

ရပ်/ကျေးအဆင့် ရုံးအသုံးစရိတ်များထဲမှ သယ်ယူပို့ဆောင်ခအတွက် တစ်လလျှင် ကျပ်နှစ်သောင်း ခွင့် ပြုထားချိန်တွင် မြို့နယ်အဆင့်ရှိ ဥပဒေရုံးနှင့် တိ/မွေးကုရုံးတို့ကဲ့သို့ ရုံးများ၌ တစ်နှစ်စာလုံးအတွက် ကျပ် တစ်သောင်းမှ နှစ်သောင်းအထိသား သုံးစွဲခွင့်ပြုခြင်းစသည့် ကွာဟမှုများကို ထောက်ပြ၍ ဦးခင်မောင်ညို က မေးမြန်းခဲ့သည်ကို ဘဏ္ဍာရေးဒု-ဝန်ကြီးက “ရုံးချုပ်တွေကနေ ဘဏ္ဍာရေးစည်းမျဉ်းနဲ့အညီ စီစဉ်ပြီး ရ/သုံးမှန်းခြေမှာ တင်ပြလာရင် ဘဏ္ဍာရေးဝန်ကြီးဌာနက ခွင့်မပြုစရာ မရှိပါဘူး” ဟု ဖြေကြားခဲ့သည်။

သူရဦးရွှေမန်းက “ပြည်ထောင်စု လွှတ်တော်က ဒါကို ခွင့်ပြုပေးရတယ်ဆိုသော်လည်း ဘယ်ဌာန ဘယ် အဖွဲ့အစည်းတွေရဲ့ မြို့နယ်အဆင့်တွေမှာ ရုံးသုံးစရိတ် ဘယ်လောက်ရှိသလဲဆိုတာကို ပြည်ထောင်စု လွှတ်တော် ပြည်သူ့ငွေစာရင်းပူးပေါင်း ကော်မတီက သိရဲ့လား၊ ဝန်ကြီးဌာနတွေရဲ့ အဆင့်တိုင်းအတွက် လစဉ်အသုံးစရိတ်တွေကို အရင်သိအောင် လုပ်ရမယ်၊ ဒါကြောင့် ပြည်သူ့ငွေစာရင်းကော်မတီနဲ့ ဝန်ကြီး ဌာနတွေ ညှိနှိုင်းပြီး လာမယ့်နှစ်အတွက် အသုံးစရိတ် မျှတအောင်လုပ်ပေးပါလို့ တင်ပြပါတယ်” ဟု ပြော သည်။

0 comments:

Post a Comment