26.6.13

ပါတီလူငယ်အမာခံ အဖွဲ့အစည်းတစ်ရပ် စနစ်တကျ ဖွဲ့စည်းသွားရန် ပါတီဒုတိယဥက္ကဋ္ဌ သူရဦးအေးမြင့် ပြောကြား

၂၀၁၅ ခုနှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် စွမ်းရည်မြင့်မားသော ပါတီလူငယ် အမာခံ အဖွဲ့ အစည်း တစ်ရပ်အဖြစ် ပါတီဖွဲ့စည်းပုံ အခြေခံ စည်းမျဉ်းနှင့်အညီ စနစ်တကျ ဖွဲ့စည်းသွားရန် ပါတီဒုတိယဥက္ကဋ္ဌ သူရဦးအေးမြင့်က ပြည်ထောင်စု ကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ လူငယ်တွေ့ဆုံပွဲနှင့် လူငယ့်စွမ်းရည် မြှင့်တင်ရေး အစည်းအဝေးတွင် ထည့်သွင်းပြောကြားခဲ့သည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ လူငယ်အဖွဲ့အစည်းများကို စနစ်တကျ ဖွဲ့စည်းခဲ့ပြီး လူငယ်ရေးရာ အဖွဲ့အစည်းနှင့် မိုးယံမှ ကြယ်ခရီးစဉ် လှုပ်ရှားမှုများ၊ နာဂစ်ကယ်ဆယ်ရေး လုပ်ငန်းများတွင် အောင်မြင်မှု အထိုက်အလျောက် ရှိခဲ့သော်လည်း လက်တွေ့နယ်ပယ်တွင် ထိရောက်သော စည်းရုံးဆောင်ရွက်မှုမျိုး ဖော်ဆောင်မှု မပြုနိုင်သေးခြင်းကြောင့် လူငယ်စွမ်းရည် မြှင့်တင်မည့် အစည်းအဝေးကို ကျင်းပခဲ့ရခြင်းဖြစ်ကြောင်း၊ ပါတီလူငယ်ရေးရာ အဖွဲ့အစည်း အဆင့်ဆင့် အနေနှင့် ပါတီရေရှည် တည်တံ့ခိုင်မြဲရေးနှင့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် အနိုင်ရရှိရေး တို့အတွက်ဖြစ်ကြောင်း သိရသည်။

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ သူရဦးအေးမြင့်က ပြောကြားရာတွင် "ပါတီဝင် လူငယ်အဖွဲ့အစည်းများ အနေနဲ့ ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ ရလဒ်ကိုကြည့်ပြီး အထိုက်အလျောက် တွေဝေတွန့်ဆုတ် ခဲ့ကြတာ ဒေသတော်တော်များများမှာ တွေ့ခဲ့ရပါတယ်။ ဒီအခြေအနေတွေကို ရဲရဲဝံ့ဝံ့ လေ့လာသုံးသပ်ပြီး ပြတ်ပြတ်သားသား တိုက်ဖျက်သွားရမှာ ဖြစ်ပါတယ်။ ဒို့အနေနဲ့ တွေဝေဖို့ တွန့်ဆုတ်ဖို့ မလိုပါဘူး။ ဒီရှုံးနိမ့်မှုဟာ အခြေအနေ အရပ်ရပ်ကြောင့် အစိတ်အပိုင်းငယ် တစ်ခုသာ ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ပြန်ကြည့်ရင် အသေးအဖွဲလို့ ပြောလို့ရပါတယ်။ သို့သော်လည်း ဒီရှုံးနိမ့်မှုကို သာဓကယူပြီး ၂၀၁၅ မှာ အနိုင်ရဖို့ တွန်းအားပေးတဲ့ အင်အားအဖြစ် ဒို့အားလုံး ပြောင်းလဲကြရမှာ ဖြစ်ပါတယ်" ဟု ပြောကြားခဲ့သည်။

ရွေးကောက်ပွဲ အကြိုကာလနှင့် ရွေးကောက်ပွဲ ကာလများတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီဝင် လူငယ်များ၏ လှုပ်ရှားဆောင်ရွက်မှုသည် အရေးပါသော အခန်းကဏ္ဍဖြစ်ပြီး လူငယ်စွမ်းရည် မြှင့်တင်ရေး အဖွဲ့အစည်းများမှ ထူးချွန်ထက်မြက်သော၊ စွမ်းရည်ပြည့်ဝသော ပါတီဝင် လူငယ်များ၏ လှုပ်ရှားဆောင်ရွက်မှုများသည် ပြည်သူက လက်ခံပူပေါင်း ပါဝင်နေအောင် အနာဂတ် ပါတီ၏ ပခုံးပြောင်း တာဝန်များကို အောင်မြင်စွာ ဆက်လက်တာဝန်ယူနိုင်ရန် ရည်ရွယ်ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။
Ref: EMG

0 comments:

Post a Comment