မြန်မာနိုင်ငံကို လာရောက်လည်ပတ်ခဲ့တဲ့ တရုတ်နိုင်ငံကောင်စီဝင် ရန်ကျဲချိက မြန်မာအစိုးရနဲ့ ကချင် လွှတ်မြောက်ရေးတပ်အကြား အပစ်အခတ်ရပ်စဲရေးဆီကို ဦးတည်တဲ့ ဆွေးနွေးမှုတွေ ဆက်လက် လုပ်ဆောင်ဖို့ မြန်မာအစိုးရကို တိုက်တွန်းပြောဆို လိုက်ပါတယ်။
မြန်မာနိုင်ငံသမ္မတ ဦးသိန်းစိန်နဲ့ နေပြည်တော်မှာ မနေ့ကတွေ့ဆုံခဲ့တုန်း တရုတ်ကောင်စီဝင် ရန်ကျဲချိ က ပြောဆိုလိုက်တာဖြစ်ပြီး ကချင်နဲ့ ဆွေးနွေးမှုမှာ တရုတ်အနေနဲ့ ကူညီလိုကြောင်း လည်း ပြောလိုက် ပါတယ်။ ဒီတွေ့ဆုံမှုအတွင်း တရုတ်နိုင်ငံ ကောင်စီဝင် ရန်ကျဲချိက တရုတ်-မြန်မာ နှစ်နိုင်ငံ ဆက်ဆံရေး ဟာ အရင် ကတည်းက ကောင်းမွန်ခဲ့တဲ့အတိုင်း ဆက်လက်ပြီး ကောင်းမွန်အောင် လုပ်ဆောင်ကြဖို့ လိုတဲ့ အကြောင်း၊ နှစ်နိုင်ငံအတွက် သေနက နည်းဗျူဟာကျတဲ့ ကိစ္စရပ်တွေမှာ ပူးပေါင်းနိုင်ဖို့ လုပ်ဆောင်ဖို့ လိုကြောင်း၊ နှစ်နိုင်ငံလုံးကို အကျိုးဖြစ်စေမယ့် စီမံကိန်းကြီးတွေကို ချောမွေ့စွာလုပ်ဆောင် အကောင် အထည်ဖော်ဖို့ ကိစ္စအပြင် နှစ်နိုင်ငံကြား နားလည်မှု၊ ရင်းနှီးမှု ပိုမိုရရှိဖို့ ယဉ်ကျေးမှုချင်း ဖလှယ်တာတွေ လည်း လုပ်ဖို့ တိုက်တွန်းလိုက်ပါတယ်။
မြန်မာနိုင်ငံက လာမယ့်နှစ်ကျရင် အာဆီယံအသင်း ဥက္ကဌအဖြစ် ဆောင်ရွက်မှာဖြစ်တဲ့အတွက် ဒေသ တွင်း နိုင်ငံတွေကြား ပူးပေါင်းမှုတွေ၊ တစ်နိုင်ငံနဲ့ တစ်နိုင်ငံကြား လိုက်လျောညီထွေပြုမှုတွေ ပိုရှိလာဖို့နဲ့ တရုတ်နဲ့ အာဆီယံ အသင်းဝင်နိုင်ငံတွေကြား ဆက်ဆံရေးတိုးတက်ရေးတွေမှာ ဆောင်ရွက်ပေးဖို့လည်း တရုတ်နိုင်ငံ ကောင်စီဝင်ရန်ကျဲချိက တိုက်တွန်းလိုက်ပါတယ်။ သမ္မတဦးသိန်းစိန်ကလည်း တရုတ် -မြန်မာ နှစ်နိုင်ငံဟာ မိတ်ဆွေကောင်းတွေဖြစ်ကြပြီး မြန်မာနိုင်ငံအပေါ် အမြဲတမ်း ထောက်ပံ့မှုတွေ လုပ်တဲ့ အတွက် တရုတ် နိုင်ငံကို ကျေးဇူးတင်ကြောင်း၊ မြန်မာနိုင်ငံကလည်း အရေးကြီးတဲ့ ကိစ္စရပ်တွေမှာ တရုတ်ဖက်က အမြဲတမ်း ရပ်တည်ပေးခဲ့တယ်လို့ ပြန်လည်တုန့်ပြန်ခဲ့ပါတယ်။ တရုတ်နိုင်ငံသမ္မတ အနေနဲ့ မြန်မာနိုင်ငံကို မကြာခင်မှာ လာရောက်လည်ပတ်ဖို့လည်း သမ္မတဦးသိန်းစိန်က ဖိတ်ခေါ်လိုက်ပါ တယ်။
မြန်မာနိုင်ငံကအနေနဲ့ တရုတ်နိုင်ငံရဲ့ ရင်းနှီးမြုပ်နှံမှုကို ကြိုဆိုကြောင်း၊ ကောင်းမွန်တဲ့ရင်းနှီးမြုပ်နှံမှု ပတ်ဝန်း ကျင်ရရှိအောင် လုပ်ဆောင်ပေးမှာဖြစ်သလို နှစ်နိုင်ငံ ပူးပေါင်းလုပ်ကိုင်တဲ့ စီမံကိန်းတွေ အဆင်ပြေစွာ အကောင်အထည် ဖော်နိုင်အောင် လုပ်ဆောင်ပေးမယ်လို့လည်း သမ္မတဦးသိန်းစိန်က ကတိပေးခဲ့ပါတယ်။ ကချင်အရေးနဲ့ပတ်သက်ပြီး ငြိမ်းချမ်းရေးရအောင် ဆက်လက်ဆောင်ရွက်မှာဖြစ်ပြီး တရုတ်-မြန်မာ နယ် စပ် ဒေသမှာ အေးဆေးငြိမ်သက်မှုရှိအောင် ကြိုးစားသွားမယ်လို့လည်း သမ္မတဦးသိန်းစိန်က တုန့်ပြန်ခဲ့ ပါတယ်။ တရုတ်နိုင်ငံကောင်စီဝင်ရန်ကျဲချိဟာ တနင်္ဂနွေနေ့တုန်းက ဒုသမ္မတဦးဥာဏ်ထွန်း အပြင် ပြည်သူ့ လွှတ်တော် ဥက္ကဌသူရဦးရွှေမန်းနဲ့လည်း တွေ့ဆုံခဲ့တဲ့အကြောင်း အေပီသတင်းမှာ ဖော်ပြ ထား ပါတယ်။
ABC Radio Australia
0 comments:
Post a Comment