26.6.13

ဇူလိုင် ၁ ရက်ထုတ် TIME မဂ္ဂဇင်း မြန်မာအစိုးရ ကန့်သတ်

မန္တလေးမစိုးရိမ်ကျောင်းတိုက်မှ သံဃာတစ်ပါးဖြစ်သည့် အရှင်ဝီရသူပုံကို မျက်နှာဖုံးတင်၍ 'ဗုဒ္ဓဘာသာဝင် များ ဆိုးသွမ်းသောအခါ' ဟု အဓိပ္ပာယ်ရသည့် ဆောင်းပါးကို ဖော်ပြခဲ့သည့် ယခုနှစ် ဇူလိုင်လ ၁ ရက်နေ့ ထုတ် TIME မဂ္ဂဇင်းကို မူရင်း စာစောင်အတိုင်း ဖြစ်စေ၊ မိတ္တူပွား၍ဖြစ်စေ ထုတ် လုပ်ခြင်း၊ ရောင်း ချခြင်း၊ ဖြန့်ချိခြင်း၊ လက်ဝယ်ထားရှိခြင်း မပြုလုပ်ရန် ကန့်သတ်လိုက်ကြောင်း မြန်မာအစိုး၏ အရေးပေါ် ကာလ စီမံခန့်ခွဲရေး ဗဟိုကော်မတီက ဇွန်လ ၂၅ ရက်နေ့တွင် ကြေညာလိုက်သည်။

အရှင် ဝီရသူပုံကို မျက်နှာဖုံးတင်ကာ The Face of Buddhist Terror ဆောင်းပါးကို ၂၀၁၃ ခုနှစ် ဇူလိုင်လ ၁ ရက် နေ့ထုတ် တိုင်းမ် မဂ္ဂဇင်း၊ အတွဲ (၁၈၂)၊ အမှတ် (၁) တွင် ဖော်ပြခဲ့ရာ ယင်းဖော်ပြချက်သည် ဗုဒ္ဓဘာသာသာသနာအပေါ် အထင်အမြင်လွဲမှားစေပြီး နိုင်ငံတော်ကအကောင်အထည်ဖော်နေသည့် ဘာသာပေါင်းစုံတို့ အကြား အပြန်အလှန် ယုံကြည်မှု တည်ဆောက်နေခြင်းကိုလည်း ထိခိုက်စေနိုင်ကြောင်း ကြေညာ ချက်တွင် ဖော်ပြသည်။

TIME မဂ္ဂဇင်းပါ ဖော်ပြချက်သည် နှစ်ပေါင်း ထောင်ချီ၍ တည်တံ့လာ ခဲ့ပြီး မြန်မာနိုင်ငံသား အများစု ကိုးကွယ်ရာဖြစ်သော ဗုဒ္ဓဘာသာ သာသနာတော်အပေါ် အထင်အမြင် လွဲမှားစေပြီး လက်ရှိ ဆောင် ရွက်နေ သည့် ဘာသာပေါင်းစုံတို့အကြား အပြန်အလှန် ယုံကြည်မှု တည်ဆောက်နေခြင်းကိုလည်း ထိခိုက်စေနိုင်သဖြင့် နိုင်ငံတော် သမ္မတရုံးက သတင်း ထုတ်ပြန် ကန့်ကွက်အပြီး နှစ်ရက် အကြာတွင် အရေးပေါ်ကာလ စီမံခန့်ခွဲရေး ကော်မတီက ယင်းသို့ ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

TIME မဂ္ဂဇင်း၏ အရှေ့အာရှဆိုင်ရာ သတင်းထောက်နှင့် TIME ၏ တရုတ် ဌာန အကြီးအကဲ Hannah Beech က ၎င်း၏ ဆောင်းပါးတွင် အရှင် ဝီရသူကို မြန်မာနိုင်ငံ၏ ဘင်လာဒင်ဟု ထည့်သွင်း ရေးသားပြီး ဦးဝီရသူ ပုံကို မျက်နှာဖုံးတင်ကာ ဖော်ပြခဲ့သည့် မဂ္ဂဇင်းကို Europe, Middle East and Africa၊ Asia၊ South Pacific တို့ကို ဖြန့်ဝေခြင်း ဖြစ်သည်။

TIME မဂ္ဂဇင်း၏ လုပ်ဆောင်ချက်ကို ပြည်သူလူထု သိရှိစေရန်အတွက် မပိတ်ပင်သင့်သည့်အပြင် မီဒီယာ လွတ်လပ်ခွင့်အရလည်း မပိတ်ပင်သင့်ကြောင်း ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဒေါက် တာအေးမောင်က ပြောကြားသည်။ "ပိတ်ပင်လိုက်တာက ကာကွယ်ရာ မကျဘူး။ လူထုကလည်း သိနေကြ ပါပြီ။ TIME မဂ္ဂဇင်း ဖော်ပြချက်ကို အမှန်အတိုင်း ပြည်သူလူထု သိနိုင်ပြီးတော့ တရားနည်းလမ်းကျကျ တုံ့ပြန်တာမျိုးကို အစိုးရကလည်း ခွင့်ပြုရမယ်" ဟု ၎င်းက သုံးသပ်သည်။

လတ်တလော ဖြစ်ပွားနေသည့် ဆူပူ အကြမ်းဖက်မှုများကို ထိန်းသိမ်း ကိုင်တွယ်ရန် အရေးပေါ်ကာလ စီမံခန့်ခွဲရေး ဗဟိုကော်မတီကို ပြည်ထဲရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးကိုကို ကို ဥက္ကဋ္ဌ အဖြစ် တာဝန်ပေးအပ်ခဲ့ကာ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး စုစုပေါင်း ၁၀ ဦးတို့ဖြင့် နိုင်ငံတော် သမ္မတက ယခုနှစ် မတ်လ ၃၀ ရက်နေ့ ရက်စွဲဖြင့် ဖွဲ့စည်းခဲ့သည်။


0 comments:

Post a Comment